ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

ဂွမှ သက်ကြီးဆရာတော်တစ်ပါးအား ဓားဖြင့်ခုတ်ပြီး ဖုန်းနှင့် ငွေ ၁၅ သိန်းလုယက်မှု သံသယရှိသူ ၃ ဦးကို ရဲက ဖမ်းဆီး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ မေ ၂၀၂၃
  • | ကြည့်ရှုသူ: 925

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ရဟိုင်ကွင်းကျေးရွာ ရွှေနန်းခိုင်ကျောင်းမှ သက်တော်ကြီးဆရာတော် တစ်ပါးအား ဓားနှင့်ခုတ်ပြီး ဖုန်းနှင့် ငွေ ၁၅ သိန်းကျပ်လုယူသွားသည့်အမှုတွင် သံသယရှိသူ ၃ ဦးအား ရဲက ဖမ်းဆီးထားကြောင်း သတင်းရရှိသည်။

ယင်းအမှုတွင် ပါဝင်သူ ၄ ဦးအထိရှိရာ ၃ ဦးကို မေလ ၆ ရက်၊ ညနေပိုင်းက ဖမ်းဆီးရမိထားပြီး ဂွမြို့မရဲစခန်းတွင် ချုပ်ရမန်ယူထားကြောင်း ရဟိုင်ကူးတို့ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနိုင်က နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

"အမှုထဲမှာပါနေတဲ့ သုံးယောက်ကိုတော့ ဖမ်းမိထားပြီ။ သူတို့ကိုလည်း အမှုနဲ့ပတ်သက်ပြီး သူတို့ပါတယ်လို့ ဝန်ခံထားပါတယ်။ နောက်ထပ် အဓိကတရားခံဖြစ်သူတစ်ယောက်က လွတ်နေသေးတော့ အမှုမဖွင့်ရသေးဘဲ ချုပ်ရမန်ယူထားရတယ်လို့ သိရတယ်" ဟု ပြောသည်။

လက်ရှိဖမ်းမိထားသူ ၃ ဦးမှာ ဂွမြို့၊ မြို့မရပ်ကွက်မှ ဦးပြူးကျယ် (၃၅)နှစ်နှင့် အသက် (၃၀) ဝန်းကျင်ရှိသည့် နောက်ထပ်အမျိုးသားနှစ်ဦးဖြစ်ပြီး အဓိကကျူးလွန်သူဖြစ်သည့် မြို့မရပ်ကွက်မှ အသက်(၃၀)ကျော်အရွယ် ဦးမြင့်ဇော်ဆိုသူမှာ ထွက်ပြေး လွတ်မြောက်နေသေးကြောင်း သူကပြောသည်။

ဦးမြင့်ဇော်ဆိုသူမှာ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လက ၄င်း၏ညီဝမ်းကွဲတော်သူကို ဂွမြို့မရဲစခန်းမှ ဒုတပ်ကြပ်ကျော်သန်းနှင့် ခင်သိန်းမောင်တို့က အမှုတစ်ခုနှင့်ပတ်သက်၍ လာရောက် စစ်ဆေးနေစဉ် စစ်ဆေးသည့် ရဲနှစ်ဦးကို ဓားဖြင့်ခုတ်၍ ရှောင်ပြေးနေသူဖြစ်ကြောင်းလည်း ဦးစိုးဝင်းနိုင်က နိရဥ္စရာသို့ ပြောသည်။

ရွှေနန်းခိုင်ဘုရားတောင်ပေါ်တွင် တစ်ပါးတည်းသတင်းသုံးနေသည့် အသက် ၈၄ နှစ်၊ ဝါတော် ၂၅ ဝါရှိသည့် ဦးကဝိန္ဒ(ခေါ်) ရွှေနန်းခိုင်ဆရာတော်သည် မေလ ၂ ရက်၊ နံနက်အစောကြီး ၃ နာရီခန့်က ဦးခေါင်းနောက်ဘက်ကို ဓားဖြင့်ခုတ်ခံရပြီး ငွေကျပ် ၁၅ သိန်းနှင့် လက်ကိုင်ဖုန်းတစ်လုံး လုယူခံခဲ့ရခြင်းဖြစ်သည်။

အဆိုပါ ဆရာတော်ကြီးတွင် ဓားခုတ်ဒဏ်ရာကြောင့်လက်ဝဲဘက်ဦးခေါင်း၌ ပြတ်ရှဒဏ်ရာနှစ်ချက်ရရှိနေသည်ကို အရုဏ်ဆွမ်းသွားပို့သည့်ကျေးရွာသားများက တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆရာတော် ဦးကဝိန္ဒမှာ မြောက်ဦးဇာတိဖွားတစ်ဦးဖြစ်ပြီး ယခင်က တပ်မတော်လေထီး တပ်သားအငြိမ်းစားတစ်ဦးဖြစ်ကြောင်းလည်း သိရသည်။

ဆရာတော်ကြီး၏ ဓားဒဏ်ရာမှာပြင်းထန်သည့်အတွက် မေလ ၃ ရက်တွင် သံတွဲဆေးရုံမှ တဆင့်အရေးပေါ်ပို့ဆောင်ပြီး ကုသခဲ့ရာ လက်ရှိတွင် အနည်းငယ်သက်သာနေပြီဟု ကျေးရွာသားများထံမှ သိရှိရသည်။ (NN-23)

ဆက်စပ် သတင်းများ