ဂွမြို့တွင် စိတ်ဖောက်ပြန်သူတစ်ဦး သစ်ပင်ပေါ်က ပြုတ်ကျသေဆုံး


စိုးဇံအောင်
နိရဥ္စရာ၊စက်တင်ဘာ ၂၅/၂ဝ၁၉

ရခိုင်ပြည်နယ်၊သံတွဲခရိုင်၊ဂွမြို့၊သိမ်ကုန်းရပ်ကွက်တွင် ယမန်နေ့  ညဉ့် ၁ဝ နာရီကျော်က စိတ်ဖောက်ပြန်နေသူ တစ်ဦး သစ်ပင်ပေါ်မှ ပြုတ်ကျသေဆုံးခဲ့သည်ဟု သတင်းရရှိသည်။

သေဆုံးသူမှာ ဂွမြို့၊သစ်ကောက်ကျေးရွာအုပ်စု၊ဘိုမင်းကျေးရွာနေ ဦးသန်းလင်း အသက်(၄၃) နှစ်ဖြစ် ကြောင်း သိရပြီး ၄င်းတည်းခိုနေထိုင်ရာ သိမ်ကုန်းရပ်ကွက်၊ဗိုလ်ချုပ်လမ်းရှိ နေအိမ်တစ်လုံး၏ အနောက်ဘက်ရှိ ပေ ၃ဝ မြင့်သော ဗာဒံပင်ပေါ်မှ ပြုတ်ကျသေဆုံးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ဂွမြို့မှ လူမှုရေးဆောင်ရွက်သူ ကိုကျော်မြင့်နိုင်က  “ မနေ့က သူအိမ်မှာ နေရင်းနဲ့ သူ့ကိုဖမ်း ဖို့လာတယ်ဆိုပြီးတော့ ပါးစပ်ကအော်ပြီးတော့ သူ့လည်ပင်းသူ ဓါးနဲ့လှီးတယ်တဲ့။ဓါးကလည်း သိပ်မပြတ်ဘူး။မပြတ်တော့ အပေါ်ယံ အရေပြားလောက်ပဲ ပြတ်သွားတယ်လေ။အဲဒီအချိန်မှာ သူ့အဖေက လက်ကို လိုက်ဆွဲတော့ သူ့အဖေရဲ့ လက်ကို တွန်းထုတ်ပြီး အိမ်နောက်ဘက် သစ်ပင်တောထဲ ပြေးသွားတယ်။အဲ့ဒီက ဗာဒံပင်ပေါ်တက်တယ်။ ကျွန်တော်တို့ လူမှုရေးအဖွဲ့တွေ၊ ရဲတပ်ဖွဲ့နဲ့၊အုပ်ချုပ်ရေးမှူးတွေက တားဖို့ရောက်နေကြတယ်။ သူစိတ်လန့်သွားမှာ ကြောက်လို့ ကျွန်တော်တို့တွေ ခဏရှောင်ပေးတယ်။အဲဒီစပ်ကြားမှာပဲ အပင်ပေါ်က ပြုတ်ကျပြီးသေသွားတယ်”   ဟု နိရဥ္စရာ ရခိုင်သတင်းဌာနသို့ ပြောသည်။

သေဆုံးသူ ဦးသန်းလင်းသည် ၄င်း၏ သမီး ကျန်းမာရေးမကောင်းသဖြင့် ဆေးကုသမှုခံယူရန်အတွက် ဂွမြို့သို့ ရောက်ရှိနေချိန်တွင် စိတ်ဖောက်ပြန်၍ မိမိလည်ပင်းကို ဓါးဖြင့် လှီးကာ သေကြောင်းကြံစည် ခဲ့သည်ဟု သိရသည်။

ထိုသို့ စိတ်ဖောက်ပြန်နေချိန်တွင် အိမ်နောက်ဘက်  သစ်ပင်ပေါ်တက်သောရာမှ ပြုတ်ကျကာ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း  ကိုကျော်မြင့်နိုင်က ဆက်ပြောသည်။

ဦးသန်းလင်း၏ အလောင်းအား ယနေ့ နေ့လယ် ၂ နာရီတွင် ဂွမြို့သုသာန်၌ သင်္ဂြိုလ်ခဲ့သည်ဟု  သိရသည်။

Share: