သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

အရက်မူးပြီးမယားနှင့်ရန်ဖြစ်ရာမှ ဖခင်ဖြစ်သူမှ ၃ လအရွယ်သားဖြစ်သူအား ကြမ်းပြင်ပေါ်သို့ လွှတ်ချ၍ သေဆုံးမှုဖြစ်ပွား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ စက်တင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 2.9k

ဆောင်းဇာခြည်
နိရဥ္စရာ၊ စက်တင်ဘာ ၂၅ / ၂ဝ၁၉

ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့နယ်၊မြဒေးကျွန်းအုပ်စု၊ ပန်းထိမ်သည်ကျေးရွာ၌ စက်တင်ဘာလ ၂၃ ရက်နေ့က အရက်မှုးနေသည့် ဖခင်ကသားဖြစ်သူမှ ၃ လအရွယ် ကလေးငယ်ကို ကြမ်းပြင်ပေါ်သို့ လွှတ်ချ၍ သေဆုံး သွားခဲ့သည်ဟု သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယမန်နေ့ ည ၇ နာရီအချိန်တွင် ပန်းထိမ်သည်ကျေးရွာနေ ဦးစိုးနိုင်ဝင်း (၂၇) နှစ်သည် ဇနီးဖြစ်သူ ဒေါ်ချိုချိုဝင်း (၂၇) နှစ်နှင့် စကားများရာမှ    ၃ လသားအရွယ် သားဖြစ်သူအား ပစ်ချပြီး ဇနီးဖြစ်သူကို ဓါးဖြင့် လိုက်ခုတ်ခဲ့ရာ၊ကလေးငယ်မှာ ကြမ်းပြင်ပေါ်သို့ပြုတ်ကျပြီး အသက်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သူက ငါးသွားရှာတယ်။ ပြန်လာတော့ အရက်သောက်လာတယ်ပေါ့နော်။ အဲဒီမှာ အိမ်ပြန်ရောက်တော့ သူ့မိန်းမကို ထမင်းခူးခိုင်းတယ်။ အဲဒီမှာ သူ့မိန်းမနဲ့ ရန်ဖြစ်ပါတယ်။ ကလေးကို သူ့အဖေက ချီထားတယ်။ သူ့မိန်းကို သတ်ဖို့ဆိုပြီး ကလေးကို စောင်တွေထားတဲ့ နေရာကို ပစ်ချလိုက်တာ ကြမ်းပြင်ပေါ် ကျသွားတယ်။ ကလေးက နုတော့ တစ်ခါတည်း ဆုံးသွားပါတယ်။” ဟု မြဒေးကျွန်းအုပ်စုမှ အုပ်ချုပ်ရေးမှူး ဦးသာစံအောင်က နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

လက်ရှိတွင် ဦးစိုးနိုင်ဝင်းအား ကျောက်ဖြူမြို့နယ် မြဒေးကျွန်း နယ်မြေရဲစခန်းက ဇနီးဖြစ်သူ ဒေါ်ချိုချိုဝင်း၏  တိုင်ကြားချက်အရ ဖမ်းဆီးစစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း ပြည်နယ်ရဲတပ်ဖွဲ့၏ သတင်းအရ သိရသည်။

“သူ့မှာ သားက ၂ ယောက်ရှိတယ်။ အကြီးသားကတော့ သူသတ်လို့ မျက်နှာတွေမှာ ဒဏ်ရာရသွားပါတယ်။ အဲဒီအကြီးသား အသက်က ၃ နှစ်လောက်ပဲ ရှိပါတယ်။ သူ့မိန်းမကိုလည်း ဓါးနဲ့ လိုက်ခုတ်တာ၊ အဲဒီမှာ မိန်းမဖြစ်သူက ထွက်ပြေးသွားတော့ ကလေး ၂ ယောက်ကျန်ခဲ့တာ။ မိန်းမဖြစ်သူ ပြန်ရောက်တော့ အငယ်သားလေးက သေနေပြီ။ အကြီးသားက ဒဏ်ရာတွေနဲ့ပေါ့။ ” ဟု ပန်းထိမ်သည်ကျေးရွာမှ ဦးအေးမောင်ချေက နိဥ္စရာသတင်းဌာနသို့ ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး  မြဒေးကျွန်း၊နယ်မြေရဲစခန်းကို နိရဥ္စရာသတင်းဌာနက ဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့သော် ဆက်သွယ်မှုမရရှိခဲ့ပါ။

ဆက်စပ် သတင်းများ