သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ရမ်းဗြဲမြို့နယ်တွင်ငါးပူတင်းအသည်းစားရာမှ အဆိပ်သင့်၍ မိခင်ဖြစ်သူသေဆုံး၊ သမီးဖြစ်သူဆေးရုံတင်ထားရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ စက်တင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 1.5k

ဆောင်းဇာခြည်
နိရဥ္စရာ၊ စက်တင်ဘာ ၂၅ / ၂ဝ၁၉

ရခိုင်ပြည်နယ်၊ရမ်းဗြဲမြို့နယ်၊ဆန်တင်မော်ပိုက်ဆိပ်ကျေးရွာတွင် စက်တင်ဘာ ၂၄ ရက်နေ့က နေလှန်းထားသည့် ငါးပူတင်း(ပဂျင်း)အသည်းများအား ကြော်စားခဲ့ရာမှ အစာအဆိပ်သင့်ကာ မိခင်ဖြစ်သူမှာ သေဆုံးခဲ့ပြီး  သမီးဖြစ်သူမှာ ဆေးရုံတင်လိုက်ရကြောင်း သတင်းရရှိသည်။

သေဆုံးသွားသူမှာ ဆန်တင်မော်ပိုက်ဆိုက်ကျေးရွာနေ ဒေါ်ခိုင်ဦးမေ(၄၆)နှစ်ဖြစ်ပြီး ဆေးရုံတင်လိုက်ရသူမှာ ၄င်း၏ သမီး မတင်ဇာနွယ်(၁၄)နှစ်တို့ ဖြစ်သည်ဟု သိရသည်။

“သေသွားတာက အမေဖြစ်သူပေါ့။ သမီးကတော့ ဆေးရုံတင်ထားရပါတယ်။ သိပ်တော့ မစိုးရိမ်ရပါဘူး။ ငါးပူတင်းရဲ့ အသည်းကို ကြော်စားလို့ ဖြစ်တာပါ။ ပထမကတော့ သူ့ သားဖြစ်သူက စားတာ။ သားဖြစ်သူက မူးပြီး အန်ချင်တာ၊ အံကျန်းလာတာတွေ ဖြစ်တယ်။အဲဒါနဲ့ သူ့အမေကို မစားဖို့ တားပါတယ်။ ဒါပေမယ့် သူ့အမေက စားထားလိုက်ဖြစ်လို့ အခုလို ဖြစ်သွားပါတယ် ”ဟု ဆန်တင်မော်ပိုက်ဆိပ်ကျေးရွာမှ မမိမိခင်က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

ဒေါ်ခိုင်ဦးမေသည် ရမ်းဗြဲမြို့နယ်၊လေးတောင်တိုက်နယ် ဆေးရုံတွင် ဆေးကုသမှုခံယူနေစဉ် စက်တင်ဘာ ၂၄ ရက်နေ့ ညနေ ၃ နာရီက သေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။

“အမေဖြစ်သူက အဲဒါကို စားပြီးတာနဲ့ တစ်ကိုယ်လုံး ညိုမွဲမွဲဖြစ်သွားတယ်။ လက်သည်းခွံတွေရောပေါ့။ အကြောတွေလည်း တင်းပြီး ဆွဲဆန့် မရတော့ဘူး။ ဆေးရုံမှာတင်ပဲ သေသွားခဲ့ပါတယ်” ဟု မမိမိခင်က ဆက်ပြောသည်။

သမီးဖြစ်သူ မတင်ဇာနွယ်မှာ လေးတောင်တိုက်နယ်ဆေးရုံတွင် ဆေးကုသမှု ခံယူနေသည်ဟု သိရသည်။

ဆက်စပ် သတင်းများ