သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

အမ်းမြို့နယ်တွင် စားသောက်ဆိုင်ပိုင်ရှင်တစ်ဦး အသတ်ခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ ဒီဇင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 9.6k

ချစ်အိလှိုင်
စစ်တွေ၊ ဒီဇင်ဘာ ၁၇ /၂ဝ၁၉

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် စားသောက်ဆိုင်ပိုင်ရှင်တစ်ဦးအသတ်ခံလိုက်ရသည်ဟု သိရသည်။
အသတ်ခံလိုက်ရသူမှာ အမ်းမြို့နယ် ကဇူးကိုင်းကျေးရွာရှိ ရန်ကုန်-စစ်တွေကားလမ်းမအနီး မျိုးချစ်ခိုင်စားသောက်ဆိုင်ပိုင်ရှင် ဦးသန်းဇော်(ခ) ဦးထူး (၅၂)နှစ်ဖြစ်သည်။
ဦးသန်းဇော်(ခ) ဦးထူးသည် ဒီဇင်ဘာ ၁၃ ရက်နေ့ ညနေ ၆ နာရီခွဲခန့်တွင် ၁၃ နှစ်အရွယ် ၄င်း၏သမီးဖြစ်သူနှင့်အတူ စားသောက်ဆိုင်အတွင်းရှိနေစဉ် အမည်မသိလူ ၆ ဦးဝင်လာပြီး ၄င်းအား ဓားဖြင့် ထိုးသတ်သွားခဲ့ခြင်းဖြစ်သည်ဟု မိသားစုဝင်များက ပြောသည်။\

“အခင်းဖြစ်တဲ့နေ့က ကျွန်မက ဆိုင်မှာ မရှိပါဘူး။ မန္တလေးဘက်က အမျိုးတွေဆီသွားလည်နေတာပါ။ သမီးလေး က စာကျက်နေတယ်ပြောပါတယ်။ အဲဒီအချိန်မှာ လူခြောက်ယောက်ဝင်လာပြီး သတ်သွားတယ်လို့ ပြောပါတယ်။ သမီးလေးက မလုပ်ပါနဲ့လို့အော်ပါသေးတယ်တဲ့။ ဘယ်ကလူတွေမှန်းလည်းမသိပါဘူး။ ဓားတွေနဲ့လည်း အချက်ပေါင်း မရေတွက်နိုင်အောင်ထိုးသတ်ခဲ့ကြတာပါ။ သမီးလေးက အခုဆိုရင် စိတ်မငြိမ်နိုင်ဘူးဖြစ်နေပါတယ်။ သူ့ရှေ့မြှာ ဖစ်ထားတာဆိုတော့”ဟု သေဆုံးသွားသူ၏ ဇနီး ဒေါ်မမြင့်က နိရဥ္စရာသတင်းဌာနအား ပြောသည်။

သေဆုံးသွားသူတွင် လည်ပင်းတစ်ဝက်ထိ ပြတ်ရှဒဏ်ရာတစ်ချက်၊ ဝဲဘက် ဝမ်းဗိုက်ထိုးသွင်းဒဏ်ရာ တစ်ချက်၊ ယာဘက်နံစောင်းထိုးသွင်းဒဏ်ရာ တစ်ချက်၊ ယာလက်နို့အုံအထက် ထိုးသွင်းဒဏ်ရာ နှစ်ချက်၊ ဝဲဘက်ဂျိုင်းအောက် ထိုးသွင်းဒဏ်ရာ နှစ်ချက်၊ ဝဲဘက်လက်မ ပြတ်ရှဒဏ်ရာ တစ်ချက်တို့ဖြင့် သေဆုံးခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမ်းမြို့နယ် ကဇူးကိုင်းကျေးရွာသား တစ်ဦးက “သူတို့က ဇာတိ ဒီဘက်က မဟုတ်ကြဘူး။ စစ်မှုထမ်းဟောင်းတစ်ဦးလို့ သိရတယ်။ ကဇူးကိုင်းမှာ စားသောက်ဆိုင်လာဖွင့်တာ သူ့သမီး တစ်သက်ရှိပြီဆိုတော့ နှစ်တစ်ဆယ်ကျော်လောက်ရှိပြီ။ စားသောက်ဆိုင်ဆိုတော့ လူပေါင်းစုံ ဝင်ထွက်နေတာဆိုတော့ ဘယ်သူဘယ်ဝါဆိုတာ မသိလိုက်ကြဘူး”ဟု ပြောသည်။

၄င်းကိစ္စနှင့် ပတ်သက်၍ အမ်းမြို့နယ်ရဲတပ်ဖွဲ့အားဆက်သွယ်ရာ ခရီးလွန်နေ၍ မဖြေကြားနိုင်ဟုဆိုသည့် အတွက် အမ်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဌေးအား ဆက်သွယ်သော်လည်း ဆက်သွယ်မှု မရရှိခဲ့ပါ။

-----------------------------

Unicode









ဆက်စပ် သတင်းများ