ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ကျောက်ဖြူမြို့နယ်တွင် လူတစ်ဦးကို မီးရှို့သတ်ခဲ့သူနှစ်ဦးအား ဖမ်းဆီးရမိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ ဖေဖော်ဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 5.5k

ချစ်အိလှိုင်
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၂၇/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူနယ်၊ အုန်းတောကျေးရွာအုပ်စု၊ ကုန်ဘောင်ကျေးရွာမှ ဦးရဲအောင်အား မီးရှို့သတ်ခဲ့သူ နှစ်ဦးအား ဖမ်းဆီးရမိပြီဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါဖမ်းဆီးရမိသူများမှာ ကျောက်ဖြူမြို့နယ် ချောင်းဝအုပ်စုမှ ဦးရန်နိုင်ဦး(၃၅)နှစ်နှင့် မြင်းပါအုပ်စု ပျားတဲတောင်ကျေးရွာမှ ဦးသိန်းနု(ခ) ဖားပူချေ (၃၇)နှစ်တို့ဖြစ်ပြီး ၄င်းတို့အား ဖေဖော်ဝါရီ(၂၆)ရက်နေ့တွင် ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

“မနေ့က မနက် ၁၁ နာရီလောက်မှာ ရန်နိုင်ဦးကို သူ့ညီဖြစ်သူကိုယ်တိုင် လာအပ်တယ်လို့ သိရတယ်။ ဝန်ခံတယ်လို့ကြားတယ်။ နောက်တစ်ယောက်ကို ည ၈ နာရီလောက်မှာ ဖမ်းမိတယ်လို့ ပြောတယ်။ အခု အဲဒီလူနှစ်ယောက်ကို ကျောက်ဖြူမြို့မ ရဲစခန်းမှာ ဖမ်းထားပါတယ်” ဟု  သေဆုံးသူ ဦးရဲအောင်နေထိုင်ခဲ့သည့် အုန်းတောအုပ်စု အုပ်ချုပ်ရေးမှူးက ပြောသည်။

ဦးရဲအောင်အားသတ်ဖြတ်လိုက်ခြင်းမှာ ချက်စားရန် ကြက်တစ်ကောင် တောင်းရာမှ မပေး၍ ဦးရဲအောင်အား သတ်ကာ ကောက်ရိုး မီးဖြင့် မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု ဝန်ခံကြကြောင်း ကျောက်ဖြူမြို့မရဲစခန်းမှ တာဝန်ကျရဲအရာရှိက ပြောသည်။

“ကိုရဲအောင်က ကြက်သွားဝယ်တယ်။ ဒီလူနှစ်ယောက်ကလည်း အခုဖမ်းထားတဲ့ နှစ်ယောက် ဦးသိန်းနုနဲ့ ရန်နိုင်ဦးက မင်္ဂလာဆောင်က ပြန်လာတော့ စီးလာတဲ့ဆိုင်ကယ်က ချိန်းကျသွားလို့ လုပ်နေတဲ့အချိန် လမ်းမှာတွေ့ကြတာ။ အဲဒီမှာ အရက်ထိုင်သောက်ကြတယ်။ ဦးသိန်းနု တို့က ရဲအောင်ဆီက ကြက်တစ်ကောင် ချက်စားဖို့တောင်းတယ်။ မပေးတော့ ဆိုင်ကယ်နဲ့ နောက်က လိုက်ပြီး ရိုက်သတ်လိုက်ကြတာ။ ပြီးမှ ရဲအောင်ရဲ့ဆိုင်ကယ်ရောလူကိုပါ ကောက်ရိုးနဲ့ မီးရှို့ခဲ့ကြတာ။ ဝန်ခံတယ်ဆိုတာ သတ်တာလည်းပေါ်နေပြီ ဝန်ခံတာပေါ့”ဟု ပြောသည်။

အဆိုပါ တရားခံ နှစ်ဦးအား ကျောက်ဖြူမြို့မ ရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ (၃ဝ၂) လူသတ်မြှုုဖင့် အရေးယူဆောင်ရွက်နေကြောင်း ၄င်းရဲစခန်းတာဝန်ကျ ရဲအရာရှိက ပြောသည်။

အသတ်ခံခဲ့ရသည့် ဦးရဲအောင်(၄၅)နှစ် မှာ ဖေဖော်ဝါရီ ၂၃ ရက်နေ့ ည ၁ဝ နာရီကျော်ခန့်တွင် ကုလားဘာကျေးရွာနှင့် ရေနံတောင်ကျေးရွာကြား ရန်ကုန် - ကျောက်ဖြူ ကားလမ်းအနီး လယ်ကွင်း တစ်ခုတွင် အသတ်ခံခဲ့ရခြင်းဖြစ်ပြီး နောက်နေ့နံနက်မှ ရဲတပ်ဖွဲ့က အလောင်းအား တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ၄င်းရဲစခန်း တာဝန်ရှိသူရဲအရာရှိက ပြောသည်။
 
------------------------------------

Unicode:


နိရဉ်စရာ၊ ဖဖျေောဝါရီ ၂၇/ ၂ဝ၂ဝ








ဆက်စပ် သတင်းများ