အင်္ဂါ၊ ဧပြီလ ၁၆ရက်၊ ၂၀၂၄

ကျောက်တော် တင်းမကျေးရွာအနီး ကုလားတန်မြစ်ထဲ အမည်မသိအလောင်းမျော၍ အဖမ်းခံထားရသည့် ကျေးရွာသားများ၏ မိသားစုများစိုးရိမ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ မတ် ၂၀၂၀
  • | ကြည့်ရှုသူ: 4.9k

ချစ်အိလှိုင်
နိရဥ္စရာ ၊ မတ် ၁၉/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မြောက်ပိုင်း တင်းမကျေးရွာဆိပ်ကမ်းအနီး ကုလားတန် မြစ်ထဲတွင် အမည်မသိ အမျိုးသားတစ်ဦး၏ အလောင်းတစ်လောင်း မြစ်ရေနှင့် အတူ မျောပါ လာသဖြင့် ဖမ်းဆီးခံထားရသည့် ကျေးရွာသားများ၏ မိသားစုများက အထူး စိုးရိမ် ပူပန်နေကြသည်ဟု သတင်းရရှိသည်။

“ ကျွန်မတို့က အခု ရွာက ထွက်ပြေးလာပြီး ကျောက်တော်ကို ရောက်နေပါတယ်။ အခုရွာကနေ ဖုန်းနဲ့ သတင်းပို့တာက လူသေအလောင်း မျောနေတယ်လို့ ပြောတယ်။ အဖမ်းခံထားရတဲ့ ကျွန်မတို့ရွာက ရွာသားတွေအထဲက လူနဲ့ တူတယ်လို့ ပြောတဲ့ အတွက် ကျွန်မ စိုးရိမ်လို့ မရှိတော့ဘူး။ ကျွန်မမှာမောင်အပါအဝင် ဆွေမျိုးတွေလည်း အဖမ်းခံထားရပါတယ်။ မဖြစ်မနေ စုံစမ်းပေးစေလိုပါတယ်” ဟု ကျောက်တော်မြို့သို့ ထွက်ပြေးရောက်ရှိနေသူ အမျိုးသမီးတစ်ဦးက နိရဥ္စရာသတင်းဌာနသို့ ဖုန်းဖြင့်ဆက်သွယ် ပြောကြားသည်။

အဆိုပါ သတင်းကြောင့် တင်းမကြီးကျေးရွာသို့ နိရဥ္စရာသတင်းဌာန ဆက်သွယ်ရာ အလောင်း တစ်လောင်းတည်းသာဖြစ်ပြီး  မတ်လ ၁၈ ရက်နေ့ နေ့လယ် ၁ နာရီခန့်တွင် ကုလားတန် မြစ်ကြောင်းအတိုင်း မျောပါသွားကြောင်း အမည်မဖော်လိုသူ တင်းမကျေးရွာ သားတစ်ဦးက ပြောသည်။

“ တစ်ရွာလုံးမှာ ရှိတဲ့ လူတွေ မြင်ပါတယ်။ ရွာမှာ လူပေါင်း သုံးဆယ်ကျော် လောက်တော့ ရှိသေးတယ်။ ကမ်းစပ်နဲ့ ဝါးနှစ်ပြန်သုံးပြန်လောက်မှာ ရွာသားစုပြီးနေကြတာ။ ဦးလေးတို့ လည်းဆင်းပြီး မဆယ်ရဲဘူး။ အလောင်းက ပုပ်ပွရောင်နေပြီ။ အမျိုးသားအလောင်းပဲ။ အသက်လည်း မခန့်မှန်းတတ်ဘူး။ ကျောက်တော်မြို့ဘက်ကို ရေစီးနဲ့ ဆက်မျောသွားတယ်” ဟု ၄င်းအမည်မဖော်လိုသူ ကျေးရွာသားက ပြောသည်။

၄င်းတင်းမကြီးကျေးရွာတွင် အိမ်ခြေ ၅ဝဝ ကျော်နှင့် လူဦးရေ ၂၇ဝဝ နီးပါးခန့်ရှိကြောင်း ၊ လက်ရှိတွင် လူ ၃ဝ ကျော်သာ ရွာတွင်ကျန်ရှိတော့ပြီး တစ်စုတည်းနေထိုင်ကြကြောင်း ၄င်းကဆက်ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းဝင်းက အလောင်းတွေ့သည်မှာ ဟုတ်မှန်ကြောင်း ပြောသည်။

“ကြားတာကတော့ အလောင်းတစ်လောင်းလို့မဟုတ်ပဲ အလောင်းတွေမျောတယ်လို့ကြားတယ်။ ဘယ်သူ့အလောင်းလည်းဆိုတာ အတည်ပြုဖို့ခက်တယ်။ ရွာသားတွေက ကိုယ့်အသက်ကို လုနေရတဲ့ အချိန်မို့ ကြည့်နေဖို့သေချာမရဘူး။ အိမ်ထဲကနေမြင်လိုက်ကြတာ။ အလောင်းေ တွ့တာတော့ ဟုတ်တယ်။ တစ်လောင်းလား နှစ်လောင်းလားအတည်ပြုလို့တော့ မရဘူး”ဟု ဦးထွန်းဝင်း ပြောသည်။

တင်းမကြီးကျေးရွာမှ  ရွာသား ၁ဝ ဦးကို မတ်လ ၁၆ ရက်နေ့ ညနေက တပ်မတော် စစ်ကြောင်း တစ်ခုက ဖမ်းဆီးထားပြီး မတ်လ ၁၃ ရက်နေ့ကလည်း တင်းမချေကျေးရွာမှ ရွာသား ၈ဦးကို ဖမ်းဆီးထားသည်။ ၎င်းဖမ်းဆီးထားသူများနှင့် ယခုအချိန်ထိ အဆက်အသွယ်မရသေးသဖြင့် မိသားစုများ အထူးစိုးရိမ်နေကြသည်ဟု သိရသည်။

-------------------------------

Unicode


နိရဉ်စရာ ၊ မတျ ၁၉/ ၂ဝ၂ဝ









ဆက်စပ် သတင်းများ