သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

စစ်တွေ KBZ ဘဏ်ဓားပြတိုက်မှုသံသယဖြင့် ဖမ်းဆီးထားသူနှစ်ဦးအနက် တစ်ဦးကိုရမန်ယူ၊ တစ်ဦးကို အာမခံဖြင့် ပြန်လွှတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ ဇွန် ၂၀၂၀
  • | ကြည့်ရှုသူ: 5.9k

အိမ်စိုးဖြူ

နိရဥ္စရာ၊ ဇွန်၁၂/၂ဝ၂ဝ

စစ်တွေမြို့ KBZ ဘဏ်(၂) ဓားပြတိုက်မှု သံသယဖြင့် ဖမ်းဆီးခံထားရသူ နှစ်ဦးအနက်မှ တစ်ဦးကို ရုံးထုတ် ရမန်ယူပြီး ကျန်တစ်ဦးအား အာမခံဖြင့် ပြန်လည်လွတ်ပေးခဲ့သည်ဟု သတင်းရရှိသည်။

စစ်တွေမြို့၊ ရဲနွယ်စုရပ်ကွက်၊ မီးသတ်ဦးစီးဌာန အနီးရှိ အဲယားကွန်းပြုပြင်ရေးပိုင်ရှင် ဦးသိန်းထွန်းအား ညတွင်းချင်း ပြန်လွတ်ပေးခဲ့ပြီး  စစ်တွေမြို့ ကုန်တန်းရပ်ကွက်မှ ဦးစိုးမင်းထွန်း(ခ)မင်းမင်း (၃၄)နှစ်အား ဇွန်လ ၁၁ ရက်နေ့ ညနေ ၄ နာရီခန့်တွင် စစ်တွေမြို့နယ်တရားရုံး၌ ရုံးထုတ်ရမန်ယူခဲ့ကြောင်း ဦးစိုးမင်းထွန်း၏ ဇနီးဖြစ်သူ မတင်တင်ဝင်းက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

“ဦးသိန်းထွန်းကို ညတွင်းချင်း ဖမ်းသွားတဲ့နေ့တည်းက လွတ်ပေးလိုက်တယ်။ ကျွန်မအမျိုးသားကိုတော့ ဆက်ဖမ်းထားလိုက်တယ်။ ဦးသိန်းထွန်းကိုလည်း စစ်တော့ စစ်သေးတယ်။ ကျွန်မအမျိုးသားကို မနေ့က ရုံးချိန်းတယ်။ ဒီနေ့တော့ တွေ့ခွင့်ရခဲ့တယ်။ သူ့မှာပါသွားတဲ့လက်ဝတ်လက်စားတွေကို ပြန်ပေးဖို့ ခေါ်ရင်း တွေ့ခဲ့တာ။ ဒီနေ့ သူ့ကားနဲ့ ရဲတွေရောသူရော ဆတ်ရိုးကျတံတားဖက်ကို ထွက်သွားတာတွေ့တယ်။ ရဲကတော့ အပြစ်မရှိရင် ပြန်လွတ်မှာပါလို့တော့ပြောတယ်”ဟု ယနေ့ညနေ ၆နာရီခန့်က ပြောသည်။ 

၄င်းတို့ နှစ်ဦးအား ဇွန်လ ၁ဝ ရက်နေ့ ညနေ ၄ နာရီကျော်ခန့်က KBZ ဘဏ်(၂) ဓားပြအတိုက်ခံပြီးနောက် ညနေ ၅ နာရီကျော်ခန့်တွင် စစ်တွေမြို့ မီးစက်ကြီးခွဆုံ၌ တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များက ပူးပေါင်း ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ဖမ်းဆီးခံထားရသူ ဦးစိုးမင်းထွန်းအား စစ်တွေမြို့မရဲစခန်းတွင် ထိန်းသိမ်းထားပြီး ဇွန်လ ၂၅ ရက်နေ့တွင် ဒုတိယ အကြိမ် ရမန်ရုံးချိန်းယူထားကြောင်း မိသားစုဝင်များမှ သိရသည်။

ဖမ်းဆီးခံရပြီး ပြန်လွှတ်မြောက်လာသူ ဦးသိန်းထွန်းက “ကျွန်တော့ကို အဲဒီအစ်ကိုက ညနေ ၄ နာရီ မိနစ် ၅ဝ လောက်မှာ ဖုန်းဆက်လာတယ်။ ငါ့ကို လာခေါ်ပေးဆိုပြီးတော့ ခေါ်လို့ သွားခေါ်ခဲ့တာပါ။ ကျွန်တော်က သူနဲ့ အဲယားကွန်း လာပြင်နေကျမို့ သိနေကြလို့ပါ။ ဦးစိုးမင်းထွန်းက အကူအညီတောင်းတဲ့ အတွက်လိုက်သွားတာပါ” ဟု ပြောသည်။ 

ဓားပြတိုက်သူများသည် ဦးစိုးမင်းထွန်း မောင်းနှင်နေသည့် ဟိုက်ဂျက်ကားကို လုယူသွားခဲ့ပြီး ဓားပြတိုက်ပြီးနောက် ၎င်းကားကို  ဆတ်ရိုးကျတံတားဘက်တွင် စွန့်ပစ်ထားခဲ့သဖြင့် ယင်းနေ့ ညနေပိုင်းက ယူဆောင်ရန် သွားရောက်စဉ် ၎င်းတို့နှစ်ဦးစလုံး အဖမ်းခံရခြင်းဖြစ်သည်ဟု သိရသည်။ 

 အဆိုပါကိစ္စနှင့် ပတ်သက်၍ စစ်တွေမြို့နယ်ရဲတပ်ဖွဲ့သို့ ဆက်သွယ်ရာ ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိခဲ့ပါ။

ဇွန်လ ၁ဝ ရက်နေ့ ညနေ ၄ နာရီကျော်ခန့်က စစ်တွေမြို့ ကျေးပင်ကြီးရပ်ကွက်ရှိ ကမ္ဘောဇဘဏ် (၂)မှ ငွေကျပ်သိန်း ၁၈ဝဝ ကို မျက်နှာဖုံးစွပ်ထားသည့် လူလေးဦးက ဝင်ရောက်ဓားပြတိုက်သွားခဲ့သည်။ 

ငွေနှင့်အတူ ပျောက်နေသည့်ဓားပြတိုက်သူများအား ဖမ်းဆီးရမိရေး စုံစမ်းရှာဖွေနေကြောင်းလည်း သိရသည်။


ဆက်စပ် သတင်းများ