သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

စစ်တွေ KBZ ဘဏ် ဓားပြတိုက်ခံရမှုနှင့်ပတ်သက်၍ ဘေးတွဲဆိုင်ကယ်မောင်းသူလူငယ်တစ်ဦး ထပ်မံဖမ်းဆီးခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ ဇွန် ၂၀၂၀
  • | ကြည့်ရှုသူ: 6.4k

အိမ်စိုးဖြူ

နိရဥ္စရာ၊ ဇွန် ၁၅/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ KBZ ဘဏ်ခွဲ(၂) ဓားပြတိုက်ခံရမှုနှင့် ပတ်သက်၍ ယမန့်နေ့ ဇွန်လ ၁၄ ရက်နေ့ နံနက် ၉ နာရီခန့်က ဘုရားကြီးခွဆုံအနီးတွင် လူငယ်တစ်ဦးကို ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။

ဖမ်းဆီးခံရသူမှာ စစ်တွေမြို့ ရွာကြီးမြောက်ရပ်ကွက်မှ ဘေးတွဲဆိုင်ကယ် ကယ်ရီသမား ကိုနိုင်နိုင်ဝင်း(၂၆)နှစ် ဖြစ်သည်။

၎င်းမှာ ဘဏ်ဓားပြ တိုက်သည့်နေ့တွင် ဘေးတွဲဆိုင်ကယ်ဖြင့် သံသယရှိသည့် လူနှစ်ဦးကို သူ၏ ဆိုင်ကယ်ပေါ်တွင် တင်ဆောင်သွားကြောင်း cctv ကင်မရာမှ တွေ့ရှိရသဖြင့် ဖမ်းဆီးခံရခြင်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့ထံမှ ကြားသိရကြောင်း ကိုနိုင်နိုင်ဝင်း၏ မိသားစုဝင်များက နိရဥ္စရာသတင်းဌာနအားပြောသည်။

“အခု မြို့မရဲစခန်းမှာသူ့ကို စစ်နေပါတယ်။ နှစ်ဆယ့်လေးနာရီလည်း ကျော်လာပါပြီ။ ပြန်မလွှတ်ပေးသေးတော့ ကျွန်တော်တို့စိုးရိမ်လာပါပြီ။ သူကဘေးတွဲမောင်းတာဆိုတော့ စီးတဲ့လူကိုလိုက်ပို့ရတာပါပဲ။ အဲဒီနေ့က လူနှစ်ယောက်ကို ကားဂိတ်ကို လိုက်ပို့တယ်လို့သိရတယ်။ အခုလည်း ခရိုင်ရုံးကို လက်ထိပ်ခတ်လို့ ခေါ်သွားပါတယ်။ စခန်းကပြောတာက သူ့မှာအပြစ်မရှိဘူးလို့လည်းပြောတယ်။ အခုရမန်ယူမလိုလို သတင်းကြားနေရပါတယ်”ဟု အစ်ကိုဖြစ်သူ ကိုဇေယျာအောင် ယနေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်ကပြောသည်။

ရွာကြီးမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမောင်တင်အောင်က ကိုနိုင်နိုင်ဝင်းအား KBZ ဘဏ်ဓားပြတိုက်မှုနှင့် ပတ်သက်၍ မေးမြန်းစရာရှိသည်ဆိုကာ  စစ်တွေမြို့ အမှတ်(၁) ရဲစခန်းတွင် ခေါ်ယူစစ်ဆေးနေသည်မှာ ဟုတ်မှန်ကြောင်း အတည်ပြုသည်။

“မိသားစုတွေ ရဲစခန်းကိုဒီနေ့မနက်လည်းလိုက်သွားကြတယ်။ ကျွန်တော်ရဲစခန်းကို မေးကြည့်တော့ စစ်ဆေးမေးမြန်းပြီးရင် ပြန်လွှတ်ပေးမယ်လို့ပြောတယ်”ဟု သူကပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ နိရဥ္စရာသတင်းဌာနအနေဖြင့် စစ်တွေမြို့မရဲစခန်းမှူး ဒုရဲမှူးအောင်မြဦးနှင့် ပြည်နယ်ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီးမောင်မောင်စိုးတို့အား ဆက်သွယ်မေးမြန်းရာ တစ်စုံတစ်ရာဖြေကြားခြင်းမရှိဘဲ ဖုန်းချသွားခဲ့သည်။

 စစ်တွေမြို့တွင်အဆိုပါ KBZ ဘဏ်ခွဲ  (၂) အား ဇွန်လ ၁ဝ ရက်နေ့ ညနေလေးနာရီကျော်ခန့်က မျက်နှာဖုံးစွပ်ထားသည့် လူလေးဦးမှ တုတ်၊ ဓားများဖြင့် ခြိမ်းခြောက်ကာ ငွေကျပ်သိန်း ၁၈ဝဝ ကို ဓားပြတိုက်ယူဆောင်သွားခဲ့သည်။

၎င်းနောက် ဇွန် ၁ဝ နေ့တွင်ပင် ညနေ ၅ နာရီကျော်ခန့်၌ စစ်တွေမြို့၊ရဲနွယ်စုရပ်ကွက် မီးသတ်ဦးစီးဌာနအနီးရှိ အဲယားကွန်းပြုပြင်ရေးပိုင်ရှင်  ဦးသိန်းထွန်းနှင့် ကုန်တန်းရပ်ကွက်မှ ဦးစိုးမင်းထွန်း(ခ)မင်းမင်းတို့နှစ်ဦးအား စစ်တွေမြို့ မီးစက်ကြီးခွဆုံတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက မသင်္ကာ၍ ဖမ်းဆီးခဲ့သည်။

အဆိုပါ နှစ်ဦးမှ ဦးသိန်းထွန်းအား ညတွင်းချင်းပြန်လွှတ်ပေးခဲ့ပြီး ဦးစိုးမင်းထွန်း(ခ)မင်းမင်းအား ဆက်လက်ဖမ်းဆီးထားကာ နောက်တစ်နေ့ ဇွန်လ ၁၁ ရက်နေ့တွင် စစ်တွေမြို့နယ် တရားရုံး၌ ရမန်ယူခဲ့ကြောင်း  ဦးစိုးမင်းထွန်း၏ မိသားစုဝင်များမှ သိရသည်။

ဓားပြတိုက်ခံရသည့် ငွေများ နှင့်အတူ ပျောက်နေသည့် ဓားပြတိုက်သူများအား ဖမ်းဆီးရမိရေး စုံစမ်းရှာဖွေ နေကြောင်းသိရသည်။


ဆက်စပ် သတင်းများ