ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

မြောက်ဦး မြောင်းဘွေရဲစခန်းတွင် တပ်သားတစ်ဦး သေနတ်ကျည်ထိမှန်သေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ ဇွန် ၂၀၂၀
  • | ကြည့်ရှုသူ: 5.8k

အိမ်စိုးဖြူ

နိရဥ္စရာ၊ ဇွန် ၁၉/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ မြောင်းဘွေ ရဲစခန်းမှ ရဲတပ်သားတစ်ဦး ယနေ့နံနက်က သေနတ် ကျည်ထိမှန်၍ သေဆုံးသွားခဲ့ကြောင်း သတင်း ရရှိသည်။ သို့သော်လည်း သေဆုံးရခြင်းကို သက်ဆိုင်ရာက ထုတ်ဖော် ပြောကြားခြင်း မရှိသေးပေ။ 

သေဆုံးသူမှာ မြောက်ဦးမြို့နယ် လောင်းကြက်တောင်မော်ရွာမှ မြောင်းဘွေရဲစခန်းတွင် တာဝန်ကျနေသူ  ကျော်မျိုးလိူင်(ခ)အာနိုး (၄၂) နှစ်ဖြစ်ကြောင်း သိရသည်။

သေဆုံးသူ၏ ဇနီးဖြစ်သူက “ ဒီနေ့ မနက် ၄ နာရီလောက်မှာ ကိုယ်ဟာကိုယ် ကျည်ကျသွားတယ်လို့ ပြောပါတယ်။ ဒီလောက်ဘဲ သိရပါတယ်။ ဒီမှာရှိတဲ့ လူတွေက ဒီလိုဘဲ ပြောပါတယ်။ဒီထက် ပိုပြီး မသိရပါ။ မနက် ၁၂ နာရီလောက် သင်္ဂြိုလ်လိုက်ပါပြီ” ဟု ပြောကြားသည်။ 

ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန့်သို့ ဆက်သွယ်ရာ သေဆုံးခြင်းကို အတည်ပြုသော်လည်း အကြောင်းအရင်းကို မသိရသေးကြောင်း ပြောကြားသည်။

“ ဟုတ်တယ်။ အဲဒီမှာတစ်ယောက်သေတယ်လို့ကြားတယ်။ ဘာဖြစ်လို့သေတာလည်းဆိုတာ အကြောင်းအရင်းကို မသိရသေးဘူး” ဟုပြောသည်။

မြောက်ဦးမြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဝင်းသို့ ဆက်သွယ်ရာတွင်လည်း သေဆုံးသည်ကို သိရပြီး အသေးစိတ် မသိရသေးဟု ပြောသည်။

“ကြားမိပါတယ်။ အဲဒီက ဒေသခံတွေကို ကျွန်တော်မေးကြည့်တော့ သေနတ်ပစ်သံကြားတယ်။ ဘာဖြစ်လို့ ပစ်မှန်းမသိဘူးလို့ပြောတယ်။ မိန်းမနဲ့ ၇ နှစ်သမီးလေးလည်းရှိတယ်လို့သိရတယ်။ ကျွန်တော်ကတော့ ဘာအကြောင်းနဲ့ သေတယ်လို့တော့ မသိသေးဘူး” ဟုပြောသည်။

မြောင်းဘွေကျေးရွာ ဒေသခံများသို့ ဆက်သွယ်ရာ  အမည်မဖော်လိုသည့်  အမျိုးသမီးတစ်ဦးက ၎င်းတို့ ကျေးရွာ ရဲစခန်းတွင် ရဲတစ်ဦး သေနတ်ကျည်ထိပြီး သေဆုံးသွားသည်ဟု ပြောသည်။

 “ မနက် သုံးနာရီခွဲလောက်က သေနတ်သံတစ်ချက်ကြားတယ်။ သေသွားတဲ့ ရဲကို လူတွေက အာနိုးလို့ ခေါ်ကြတယ်။ သူ့မိန်းမက ဘူးသီးတောင် ဇာတိပါ။ သေနတ် ဒဏ်ရာက ဆီးခုံအထက်မှာလို့ သိရတယ်။ အလောင်းကို မနက်အစောကြီး မြောင်းဘွေ ဆေးရုံကချလာပြီး အခု သင်္ဂြိုလ်လိုက်ပြီလို့သိရတယ်။ စခန်းမှူး အိမ်ထက်မှာ ဖြစ်တာလို့ကြားတယ်” ဟု သူမက ပြောသည်။


ဆက်စပ် သတင်းများ