ကျောက်တော်မြို့မစခန်းမှူး လုပ်ကြံခံရ၍သေဆုံး


ထွန်းခိုင် (တောင်ရင်းကျွန်း)

နိရဥ္စရာ၊ သြဂုတ် ၁၃ / ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မ ရဲစခန်းမှူး ဒုရဲမှူး ထွန်းနိုင်ဦးသည် ယမန်နေ့ည ရ နာရီခန့်ကျော်တွင် လုပ်ကြံခံရ၍ သေဆုံးသွားကြောင်း သတင်းရရှိသည်။

၎င်းအား ညနေ ၇နာရီ မိနစ်၅ဝခန့် အချိန်တွင် အရပ်ဝတ်ဖြင့် အမည်မသိ အမျိုးသား ၄ ဦးမှ ရဲစခန်းအနီး လမ်းတစ်ဖက်တွင် သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံသွားခဲ့သည်ဟု မျက်မြင်ဒေသခံများက ပြောဆိုသည်။ 

ယခုသေဆုံးသွားသော စခန်းမှူးမှာ ကျောက်တော်မြို့တွင် တာဝန်ထမ်းဆောင်ရန် ရောက်လာခဲ့သည်မှာ တစ်လနီးပါးလောက်သာ ရှိသေးကြောင်း သိရှိရသည်။

သေဆုံးသွားသော စခန်းမှူး၏ ရုပ်အလောင်းကို ကျောက်တော်ဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ထားကြောင်း ရဲတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောသော်လည်း အသေးစိတ် ပြောဆိုခြင်း မရှိဘဲ ဖုန်းချသွားခဲ့သည်။

ကျောက်တော်ဒေသခံ တစ်ဦးက  “ မနေ့ညနေကတော့ ပစ်ခတ်သံတွေကြားလိုက်တယ်။ ရဲစခန်းထဲမှာ ဖြစ်တာလား။ စခန်းအပြင်မှာဖြစ်တာလားတော့ မသိဘူး။ ဘယ်သူနှင့် ဖြစ်တယ် ဆိုတာကိုလည်း ကျနော်တို့ မသိဘူး။ စခန်းအနီးအနားကတော့ ပစ်ခတ်သံတွေကြားလိုက်တယ်” ဟုပြောသည်။

ကျောက်တော်တွင် ပြီးခဲ့သော ဇွန်လ ၁၃ ရက်နေ့ကလည်း ကျောက်တော်မြို့၊ မြို့သစ်ရပ်ကွက်တွင် ဆိုင်ကယ်နှင့်သွားနေသော ရဲအုပ်အောင်မင်းဇော်အား အမည်မသိ လူနှစ်ဦးက ဆိုင်ကယ်နှင့်လိုက်လာပြီး ဓားဖြင့်ထိုးသတ်ခဲ့သဖြင့် သေဆုံးသွားခဲ့သည်။

ပြီးခဲ့သည့် ၂ဝ၁၉ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့ကလည်း ကျောက်တော်မြို့ရဲစခန်းမှ ရဲမှူးစောသန်းလွင်မှာ ဓားထိုးခံရပြီး သေဆုံးသွားခဲ့သလို ၂ဝ၁၉ စက်တင်ဘာလ ၂၂ ရက်နေ့ကလည်း ကျောက်တော် ရဲစခန်းမှ ရဲတပ်ကြီး ဦးမောင်လှလည်း ဓားထိုးခံရပြီး သေဆုံးသွားခဲ့သည်။

အလားတူ စစ်တွေမြို့တွင်လည်း ဇွန်လ ၂၉ ရက်နေ့ ည ၈ နာရီအချိန်ခန့်တွင် စစ်တွေမြို့ အမှတ် ၁ ရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသော တပ်ကြပ်ကြီး ဦးမောင်မောင်သန်းသည် မကျည်းမြိုင်ရပ်ကွက် မိမိ၏ နေအိမ်နားတွင် အမည်မသိ လူနှစ်ဦး၏ ဓားထိုးခံရမှုကြောင်း သေဆုံးသွားခဲ့သည်။


Share: