သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ကျောက်ဖြူမြို့နယ် ငလပွေ့ချောင်းတွင် လူသေအလောင်းတစ်လောင်းတွေ့ရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ သြဂုတ် ၂၀၂၀
  • | ကြည့်ရှုသူ: 2.2k

အိမ်စိုးဖြူ

နိရဥ္စရာ၊ သြဂုတ် ၂ဝ/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် ငလပွေ့ချောင်း၊ မလိခဆိပ်ကမ်း ချောင်းအလယ်တွင် လူသေလောင်းတစ်လောင်းကို ယနေ့ညနေ သုံးနာရီကျော်ခန့်တွင် တွေ့ရှိခဲ့သည်ဟု သတင်းရရှိသည်။

အလောင်းမှာ ရန်ကုန်မြို့၊ မြောက်ဥက္ကလာမြို့(၅)ရပ်ကွက်မှ ဦးမောင်ဟန်ညွှန့်(ခ)ဖိုးတေ(၃၂)နှစ်ဖြစ်ကြောင်း၊ ၄င်းအလောင်းမှာ ပျက်ယွင်းနေပြီဟု ငလပွေ့ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

“ဖုန်းဆက်လာတာတော့ ငါးဖမ်းလှေတွေကဆက်လာတာ။ မလိခဆိပ်ကမ်းရှေ့က ချောင်းအလယ်မှာ ပေါ်လာတာ။ သူက ငါးဖမ်းစက်လှေနဲ့ပါလာတဲ့လူလို့သိရတယ်။ ချောင်းထဲမှာက ငါးဖမ်းစက်လှေ နှစ်ရာကျော်လောက်တောင်ရှိတာ။ဘယ်လိုကျသွားမှန်းမသိဘူး။  ဒဏ်ရာတွေလည်းမတွေ့ရဘူး” ဟု သူကပြောသည်။

၄င်းအလောင်းအား ကျောက်ဖြူဆေးရုံကြီးသို့ပို့ဆောင်လိုက်ပြီဖြစ်ကာ၊ အမှုဖွင့်ဆောင်ရွက်ချက်များနှင့် မိသားစုဝင်များအား ရဲတပ်ဖွဲ့မှဆက်သွယ်ဆောင်ရွက်နေကြောင်း ဦးထွန်းထွန်းနိုင်ကဆက်ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ကျောက်ဖြူရဲစခန်းစခန်းမှူးကလည်း သေဆုံးသူနှင့်ပတ်သက်၍ သေမှုသေခင်းဖွင့်၍ ဆောင်ရွက်နေကြောင်းတည်ပြုပြောသည်။

“အလောင်းက ဘယ်လိုသေတာလည်းဆိုတာမသိဘူး။ရေပေါ်ပေါ်နေလို့ဆယ်ပြီး ဆေးရုံပို့ထားတယ်။ ပြင်ပဒဏ်ရာတော့ မပါဘူး။ မိသားစုနဲ့လည်းဆက်သွယ်ထားပြီ” ဟု ၎င်းက ပြောသည်။

ကျောက်ဖြူမြို့နှင့် ငလပွေ့ကျေးရွာမှာ တစ်မိုင်ကျော်သာကွာဝေးပြီးငါးဖမ်းစက်လှေအများအပြားမှာ ၄င်းငလပွေ့ချောင်းထဲတွင် ရပ်နားကြောင်း ဒေသခံများ၏ပြောပြချက်အရသိရသည်။

(ဓာတ်ပုံ- အမှန်တရားကြီးပို့စ်)


ဆက်စပ် သတင်းများ