သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ကျောက်တော် အပေါက်ဝတိုက်နယ်ဆေးရုံသို့ ဒဏ်ရာများဖြင့် အမည်မသိ သတိမေ့နေသူတစ်ဦးကိုပို့ဆောင်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ စက်တင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 3.2k

ဆောင်းဇာခြည်
နိရဥ္စရာ၊ စက်တင်ဘာ ၆/ ၂ဝ၂ဝ

ယနေ့နံနက်က ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာ တိုက်နယ်ဆေးရုံသို့ ဒဏ်ရာများဖြင့် အမည်မသိ သတိမေ့နေသူတစ်ဦးကို ပို့ဆောင်လာသဖြင့် ဆေးရုံတင်ထားရကြောင်း သတင်းရရှိသည်။

၎င်းသူအား ယနေ့ နံနက် ၁၁ နာရီဝန်းကျင်ခန့်က အပေါက်ဝကျေးရွာ၊ ရန်တားရပ်ကွက်သို့ Hijet ကားတစ်စီးဖြင့် လာရောက်ပို့ဆောင်သဖြင့် ကျေးရွာသားများက အပေါက်ဝတိုက်နယ်ဆေးရုံသို့ ပို့ဆောင် ထားကြောင်း အပေါက်ဝကျေးရွာမှ ကိုပေါက်ချေက ပြောသည်။

၎င်းသူမှာ အသက် (၃ဝ ) ခန့်အရွယ်ရှိပြီး ရိုက်နှက်ခံထားရသဖြင့် ဒဏ်ရာများရရှိထားသည်ဟု ဆိုသည်။

 “လူနာက သတိမရဘူး။ ကျွန်တော်တို့ရွာက မဟုတ်ဘူး။ ဒီကျွန်တော်တို့ ရွာပတ်ဝန်းကျင်က လူလည်း မဟုတ်ဘူး။ သူ့ကို တပ်ရင်း ၅၃၉ က စစ်သားတွေက ကျောက်တော်က ကားတစ်စီးနဲ့ တင်ပေးလိုက်တာပါ။ သူ့ကို အပေါက်ဝရွာက ထင်လို့ ကျွန်တော်တို့ရွာကို လာပို့တာ။ ဒီကိုရောက်တော့ သူက ဒီရွာကမဟုတ်ဘူး။ သူ့ကို အခု တိုက်နယ်ဆေးရုံကို ပို့ထားတယ်။ သူတို့က မနက် ၁ဝ နာရီကျော်လောက်က ပို့လိုက်တာ ကားတစ်စီးနဲ့” ဟု ကိုပေါက်ချေက နိရဥ္စရာသို့ ပြောသည်။

အဆိုပါ ဒဏ်ရာရရှိထားသူမှာ သတိမရသေးသောကြောင့် ၄င်းမှာ မည်သည့်ကျေးရွာ၊ မည်ကဲ့သို့ ဖြစ်လာကြောင်းကို မေးမြန်း၍ မရနိုင်သေးကြောင်း၊ ညာဘက် ပုခုံးနားတဝိုက်တွင် ပြင်းထန်ဒဏ်ရာများနှင့် နောက်ကျောအပြင် ခြေလက်တို့တွင်လည်း ရောင်ရမ်းဒဏ်ရာများပါရှိကြောင်း ကိုပေါက်ချေက ဆက်ပြောသည်။

အပေါက်ဝကျေးရွာမှ ရပ်မိရပ်ဖတစ်ဦးကလည်း “သူက ဒီရွာက မဟုတ်ပါဘူး။ သူ့အသက်က ၃ဝ လောက်ရှိတယ်။ ၅၃၉ တပ်က အပေါက်ဝဆေးရုံကို ဒီလူကို ပို့လိုက်ဆိုပြီး ပြောတဲ့ အတွက် ဟိုက်ဂျက်   ကားတစ်စီးနဲ့ ကားသမား တစ်ယောက်က ပို့လာတာပါ။ အဲဒီလူက ဘယ်သူမှန်းလဲ မသိဘူး။ ပို့လာတဲ့ ကားသမားကလည်း အဲဒီလူကို ကားပေါ်က ချခဲ့ပြီး သူ့လမ်းသူ သွားတော့ သူ့ကိုလည်း မမေးလိုက်ရဘူး။ အခုက သူစကားမပြောနိုင်တော့ ဘယ်ကလဲဆိုတာကို မသိရဘူး။ ခြေသလုံးတွေမှာ ရင်ဘတ်တွေမှာ ဒဏ်ရာတွေ ရှိတယ်။ သတိမရတော့ အဲဒီလူအတွက် စိုးရိမ်ရပါတယ်” ဟု နိရဥ္စရာသို့ ပြောသည်။

အဆိုပါ ၅၃၉ တပ်ရင်းမှာ အပေါက်ဝကျေးရွာ၏ အနောက်တောင်ဘက် ၃ မိုင်ခန့်အကွာတွင် တည်ရှိခြင်းဖြစ်ကြောင်း သိရသည်။

ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက “ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ အဲဒီလူကို ကားတစ်စီးနဲ့ ပို့လာတယ်လို့ သတင်းရပါတယ်။ အပေါက်ဝကို ပို့လာတာပေါ့။ ပုခုံးတွေမှာ ဒဏ်ရာတွေပါတယ်။ အခုသူ့ကို ဆေးရုံမှာ ပို့ထားတယ်။ သူဘယ်ကလဲဆိုတာကိုတော့ မသိကြသေးဘူး” ဟု နိရဥ္စရာသို့ ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ကျောက်တော်မြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့သို့ ဆက်သွယ်ရာ ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိပါ။

(ဓာတ်ပုံ- ဦးမင်းစိုး)

ဆက်စပ် သတင်းများ