သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

စစ်တွေမြို့ စက်ရုံစုရပ်ကွက်တွင် ဓားပြတိုက်မှု ဖြစ်ပွား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ ဒီဇင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 7.7k

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ ဒီဇင်ဘာ၂၁/၂ဝ၂ဝ

စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်၊ မီးလောင်စုတွင် ယမန်နေ့ ညဉ့်အချိန် ၁၁ နာရီကျော်က အိမ်တစ်အိမ်အား ဓါးပြတိုက်မှု ဖြစ်ပွားခဲ့သည်။

ဓားပြတိုက်ခံရသူ ဒေါ်နုအေးသိန်းက “ ညဉ့် ၁၁ နာရီကျော်နေပါပြီ။ လူသုံးယောက်ဝင်လာပြီး ကျမရဲ့ အမေကို ဓားထောက်ပြီး ရိုက်တော့ ကျမ အမေက အော်ပါတယ်။ ကျမလည်း ခါတိုင်းနေ့ဆို မအိပ်ဘူး။ မနေ့က အိပ်ပျော်သွားတော့ ကျမ အမေအော်သံကို ကြားတော့ ကျမနိုးလာပါတယ်။ ကျမနိုးလာတော့ ကျမလည်ပင်းကို တစ်ယောက်က ဓားနဲ့ ထောက်ထားပြီး တစ်ယောက်က နောက်က ဓားနဲ့ ပါ။ ကျမက ကျမအမေကို မသတ်ပါနဲ့။ ဘာလိုချင်ပါသလဲလို့ မေးတော့ သူတို့က ရှိတာကိုပေးဆိုပြီး တောင်းပါတယ်” ဟု ပြောကြားသည်။

ဒေါ်နုအေးသိန်းထံမှ လက်ကောက်သုံးကွင်း၊ နားတောင်းတစ်ရံ၊ လက်စွပ်တစ်ကွင်းနှင့် ငွေကျပ် ၈ဝဝဝဝ ကို ဓားပြတိုက်သူများက ယူဆောင်သွားကြသည်ဟု ဆိုသည်။

“ လက်ကောက်က ရွှေအလေးချိန် တစ်ကျပ်ခွဲ၊ နားတောင်းတစ်ရံနဲ့ လက်စွပ်တစ်ကွင်းက ကျပ်ခွဲစီရှိတော့ စုစုပေါင်း ၂ ကျပ်ခွဲပါသွားတယ်။ လူသုံးယောက်မှာ နှစ်ယောက်က ဘောင်းဘီဝတ်ထားပြီး တစ်ယောက် ပုဆိုးဝတ်ထားပါတယ်။ ကျွန်မကိုတော့ မော်လို့ မကြည့်ရပါဘူး။ ကျွန်မအမေက သူတို့ဝင်လာတော့ ဓာတ်မီးထိုးကြည့်တော့ တစ်ယောက်မျက်နာကို မြင်လိုက်ရတယ်။ ဒါပေမယ့် အမေက မမှတ်မိဘူး။ ဒီအနီးအနားက လူတွေလို့ဘဲ ထင်ပါတယ်” ဟု ပြောကြားသည်။

၎င်းအိမ်မှာ စက်ရုံစုရပ်ကွက် မေတ္တာပါရမီကျောင်းတိုက်အနီးတွင် တည်ရှိပြီး လက်ရှိတွင် ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်က လူကြီးများကို တိုင်ထားကြောင်း ပြောကြားသည်။

မေတ္တာပါရမီ ကျောင်းထိုင်ဆရာတော်မှ ဓားပြတိုက်သွားသည်ဟု ကာယကံရှင်အမျိုးသမီးက ပြောပြ၍ သိရှိရကြောင်း၊ ညဉ့်အချိန်က တိုက်သွားသည်ဟု သိရကြောင်း ပြောကြားသည်။

စက်ရုံစုရပ်ကွက်အုပ်ချုပ်ရေးမှူးသို့ မေးမြန်းရာ ၎င်းကိစ္စကို တိုင်ကြားလာခြင်း မရှိသေးကြောင်း၊ ၎င်းနေရာမှာ စက်ရုံစုရပ်ကွက်အတွင်း ကျရောက်ကြောင်းပြောကြားသည်။

စစ်တွေ အမှတ်(၁) ရဲစခန်းမှူးသို့ ယနေ့နံနက်၉ နာရီ ၃၅ မိနစ်က အဆိုပါ ဓားပြမှုနှင့် ပတ်သက်ပြီး အတည်ပြုချက်ယူရန် ဆက်သွယ်ရာ ဖုန်းလက်ခံ ဖြေဆိုခြင်းမရှိပါ။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၈ ရက်နေ့ကည်း စစ်တွေမြို့၊ အိုးတန်းရပ်ကွက်၊ ဆန်တန်းတွင် ထမင်းစားရန်အိမ်ပြန်သည့် ဆန်ပွဲရုံပိုင်ရှင် အမျိုးသမီးတစ်ဦးကို သတ်ဖြတ်ကာ သူမဝတ်ဆင်ထားသည့် ရွှေထည်ပစ္စည်းများကို ယူဆောင်သွားခဲ့သည့် အနုစီး ဓားပြတိုက်မှုတစ်ခု ဖြစ်ပွားခဲ့သည်။

ဆက်စပ် သတင်းများ