သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ပုဏ္ဏားကျွန်းမြို့နယ်တွင် နွားများခိုးယူခံရပြီး ပိုင်ရှင်ဖြစ်သူအသတ်ခံရကာ နောက်တစ်ဦးပျောက်ဆုံးနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ ဇန်နဝါရီ ၂၀၂၁
  • | ကြည့်ရှုသူ: 8.1k

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ ဇန်နဝါရီ ၆/၂ဝ၂၁

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်၊ ကျော်ဇံရွာတွင် နွား ၁ဝ ကောင်ခိုးယူခံရပြီး ပိုင်ရှင်ဖြစ်သူ  အသတ်ခံရကာ နောက်တစ်ဦးမှာ ပျောက်ဆုံးကာ နေကြောင်း သတင်းရရှိသည်။

သေဆုံးသူမှာ ဦးထွန်းသိန်း (၅၂) နှစ်ဖြစ်ပြီး ပျောက်ဆုံးနေသူမှာ ၎င်း၏ သမက်ဖြစ်သူ ဦးအောင်နိုင် (၃ဝ) နှစ်ခန့် ဖြစ်ကြောင်း အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိနေသူ ဦးတင်မောင်က ပြောကြားသည်။

“ အသတ်ခံရတဲ့ ဦးထွန်းသိန်းကို ကြိုးနဲ့ ချည်နှောင်ပြီး လည်ပင်းကို အဝတ်စတွေနဲ့ စည်းထားတာကို တွေ့ရပါတယ်။ ဦးခေါင်းမှာရော ခန္ဓာကိုယ်တစ်ခုလုံးမှာ ဒဏ်ရာဒဏ်ချက်တွေ တွေ့ရပါတယ်။ နောက်ကိုအောင်နိုင်ဆိုသူက ပျောက်နေပါတယ်။ နွား ၁ဝ ကောင်လည်း ပျောက်ဆုံးနေပါတယ်” ဟု ပြောကြားသည်။

အခင်းဖြစ်ပွားရာနေသည် ရွာ၏ အရှေ့ဘက် ဦးထွန်းသိန်း လယ်တဲတွင် ညဉ့် ၈ နာရီ ၉ နာရီခန့်တွင် ဖြစ်ပွားခဲ့ပုံရပြီး မည်သူမည်ဝါလက်ချက်ဖြစ်သည်ကို စုံစမ်းနေတုန်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“ ကျွန်တော်တို့ ခန့်မှန်းတာက အခု ဖြစ်တာက မြစ်နဲ့တော့ မနီးဘူး။ ဒါပေမယ့် မြစ်ထဲကနေ စက်လှေနဲ့ နွားခိုးတဲ့ အဖွဲ့တွေက နွားတွေကို လာခိုးရင်းနဲ့ ဖြစ်တာလား။ အဲသလိုတော့ ခန့်မှန်းနေကြပါတယ်” ဟု ပြောကြားသည်။

ပုဏ္ဏားကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ဦးထွန်းမောင်က “ သူတို့က တလင်းမှာ နှစ်ယောက် အိပ်နေတာ။ တစ်ယောက်ကို သတ်ပြီး တစ်ယောက်ကို ဖမ်းခေါ်သွားတယ်လို့ ကြားပါတယ်။ ကျော်ဇံရွာက တန်ခိုးရွာနဲ့ တစ်ဖက်တစ်ကမ်းပါ။ ဦးရာဇ်တောင်စေတီ တောင်ဘက်ကို ကျပါတယ်။ အခု သတင်းရတာက နောက်တစ်ယောက် အလောင်းကိုလည်း မြစ်ထဲကနေ ရတယ်လို့ကြားရပါတယ်” ဟု ပြောကြားသည်။

ဆက်စပ် သတင်းများ