စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

မြောက်ဦးမြို့တွင် မိသားစုအငြင်းပွားမှုဖြစ်သည့် နေအိမ်ကိုလာဖျက်စဉ် ရန်ပြုသူကို ရဲကပစ်ခတ်၍ ဒဏ်ရာရရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ ဇန်နဝါရီ ၂၀၂၁
  • | ကြည့်ရှုသူ: 9.5k

ဆောင်းဇာခြည်
နိရဥ္စရာ၊ ဇန်နဝါရီ ၁၆/ ၂ဝ၂၁

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင် မိသားစုအချင်းချင်း အိမ်ခြံမြေအငြင်းပွားမှု ဖြစ်ပွားပြီးနောက် တရားရုံး ဆုံးဖြတ်ချက်အရ အနိုင်ရသူမိသားစုက ရဲနှင့်အတူ အိမ်လာဖျက်စဉ် မနာခံဘဲ ဓားဖြင့် ခြိမ်းခြောက်သဖြင့် ရဲက သေနတ်ဖြင့် ပစ်ခတ်ရာမှ ခြိမ်းခြောက်သူမှာ ဒဏ်ရာအပြင်းအထန်ရရှိသွားကြောင်း သတင်းရရှိသည်။

လက်ကောက်စျေးရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမောင်ဘုက “ အဲဒီအိမ်နဲ့ ခြံက ဒေါ်မခင်မြပိုင်တာပါ။ သူအစ်မ ဒေါ်မခင်လှတို့ မိသားစုက နေစရာမရှိလို့ ယာယီနေခိုင်းထားတာက မထွက်တော့ဘူးဖြစ်သွားတာ။ ဒေါ်မခင်မြက သူ့ယောက္ခမအိမ်မှာနေတာ။ အခု ယောက္ခမအိမ်မှာမနေတော့ဘဲ အိမ်သစ်ဆောက်ပြီး ကိုယ့်ခြံမှာနေတော့မယ်လို့ ပြောတာကို ဒေါ်မခင်လှနဲ့ သူရဲ့ယောကျ်ား ဦးကျော်ထွန်းသာတို့က မထွက်ပေးတော့ဘူး။ အဲဒီကိစ္စနဲ့ပဲ သူတို့ တရားရုံးမှာ ဖြေရှင်းနေရတာ နှစ်နှစ်လောက် ရှိပြီ။ အခု အစ်မဖြစ်သူက တရားရှုံးတော့ အိမ်ကထွက်မပေးတော့ဘူး။ အဲဒီမှာ ရဲတွေနဲ့ အိမ်ကိုလာဖျက်ဖို့ လုပ်တော့ ဦးကျော်ထွန်းသာတို့ ဇနီးမောင်နှံက အိမ်ထဲပေးမဝင်ဘဲ ဓါးနဲ့ ခုတ်မယ်ဆိုပြီး ခြိမ်းခြောက်သလိုမျိုးပေါ့။ အဲဒီမှာ ရဲက ပစ်လိုက်လို့ ထိသွားတာ” ဟု နိရဥ္စရာသို့ ပြောသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၄ ရက်နေ့ နံနက် ၉ နာရီခန့်က မြောက်ဦးမြို့၊ ဝါစျေးရပ်ကွက်တွင် ဖြစ်ပွားခဲ့ပြီး ရဲက သေနတ်ဖြင့် ပစ်ခတ်လိုက်စဉ် ဒေါ်မခင်လှ၏ ခင်ပွန်းဖြစ်သူ အသက် ၅၂ နှစ်အရွယ် ဦးကျော်ထွန်းသာမှာ ဒဏ်ရာအပြင်းအထန်ရရှိသွားခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိ ဦးကျော်ထွန်းသာမှာ မြောက်ဦးဆေးရုံ၌ ဆေးကုသမှုခံယူလျှက်ရှိပြီး သေနတ်ကျည်ထိသွားသည့် ဘယ်ဘက်လက်အား ဖြတ်ပစ်လိုက်ရကြောင်း ဦးမောင်ဘုက ပြောသည်။

“ဦးကျော်ထွန်းသာကို ဒီမြေက ထွက်ပေးရမယ်ဆိုပြီး တရားရုံးက အကြိမ်ကြိမ်အခါခါ လာပြောတာတွေ ရှိပါတယ်။ တရာရုံးကနေပြီးတော့ စာနဲ့ပေါ့။ တရားရှုံးတဲ့အတွက် ခြံထဲကနေ ထွက်ပေးရမယ်လို့ပေါ့။ သူတို့က ထွက်မပေးဘူး။ ရန်ပြုတယ်။ ဓါးတွေနဲ့ သူ့ခြံထဲက သူ့ဇနီးပါ သူပါ ရန်ပြုတယ်။ အထဲကိုဝင်လာရင် ဓါးနဲ့ ခုတ်မယ်ဆိုပြီးတော့ ပြောတယ်။ နောက်ဆုံး အခြေနေမကောင်းတော့ ရဲက ဖမ်းဝရမ်းအမိန့် ထုတ်လိုက်တယ်။ အဲဒီမှာ သူတို့ကို ဖမ်းဝရမ်းထုတ်ထားပြီ အဖမ်းခံတော့ အိမ်ကထွက်လို့ ပြောပေမယ့် မရဘူး။ အဲဒီမှုာ ရဲက သေနတ်နဲ့ ပစ်လိုက်တာ။” ဟု ဆက်ပြောသည်။

ဒေါ်မခင်လှတို့ မိသားစုမှာ ညီမဖြစ်သူ ဒေါ်မခင်မြ၏ နေအိမ်တွင် နေထိုင်သည်မှာ ၁ဝ နှစ်ခန့်ရှိပြီဖြစ်ကြောင်း လက်ကောက်စျေးရပ်ကွက်မှ ဒေသခံတစ်ဦးဖြစ်သည့် ကိုထွန်းကျော်မင်းက ပြောသည်။

“အဲဒီတုန်းက အဲဒီအနားမှာ ကျွန်တော်လည်းရှိနေပါတယ်။ အစ်မဖြစ်သူတို့ လင်မယားက ဝင်တဲ့သူကို ဓါးနဲ့ ခုတ်မယ်လို့ ပြောတယ်။ ရဲက ဖမ်းဝရမ်းထုတ်လိုက်ပြီးနောက် သူတို့ကို အေးအေးဆေးဆေး အဖမ်းခံလို့ ပြောတယ်။ သူတို့က အိမ်ကထွက်မပေးချင်လို့ လေးဂွနဲ့ ခုခံပါသေးတယ်။ ရဲကပြောတာ နောက်ဆုံးမရတော့ သေနတ်နဲ့ပစ်လိုက်တာပါ။ ပထမတစ်ခေါက်က သေနတ်နဲ့ ကောင်းကင်ကို တစ်ခေါက်ပစ်လိုက်တယ်။ ပြီးရင် လူကိုပစ်ပါတယ်။ ညီမဖြစ်သူက အစ်မဖြစ်သူကို အိမ်မရှိဘူးဆိုပြီး နေခိုင်းထားတာ။ အဲဒီမှာ အခု အစ်မဖြစ်သူက အိမ်က ဆင်းမပေးတော့ ဒီလို ပြဿနာ ဖြစ်သွားခဲ့တာ” ဟု နိရဥ္စရာသို့ ပြောသည်။

မြောက်ဦးခရိုင်ရဲမှူးကြီးအား ဆက်သွယ်ခဲ့ရာ ဥပဒေနှင့်အညီ လုပ်ထုံးလုပ်နည်းအရ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ပြောသည်။

“တရားရုံးက ဖမ်းဝရမ်းထုတ်တယ်။ ဖမ်းဝရမ်းထုတ်တဲ့အချိန်မှာ သူတို့က ပြန်လှန်ပြီးခုခံတဲ့ အနေအထား ရှိပါတယ်။ သူတို့က လေးဂွတို့၊ ဓါးတို့ အဲလိုမျိုးပြန်ခုခံတာပေါ့နော်။ ကျွန်တော်တို့က ဥပဒေနဲ့အညီပါပဲ။ ဥပဒေနဲ့ မညီဘဲတော့ မလုပ်ပါဘူး။ သူ့ပါသူ တရားရှုံးတဲ့ဟာကို ဖယ်ပေးရမှာပေါ့။ အဲဒါကို မဖယ်ပေးတော့ တရားရုံးက ဖမ်းဝရမ်းထုတ်တာပေါ့။ အားလုံးလုပ်ထုံးလုပ်နည်းတွေအရပါပဲ။ ပစ်တယ်ခတ်တယ်ဆိုတာကလည်း ရဲမှာရှိတဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့အညီပဲပေါ့။” ဟု ပြောသည်။

ဆက်စပ် သတင်းများ