သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

သက်လူမျိုးတို့၏ဓလေ့ထုံးစံခေါင်းစဉ်ဖြင့် ရန်ကုန်တွင် စကားဝိုင်းကျင်းပ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ အောက်တိုဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 9.2k

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ အောက်တိုဘာ၆/ ၂ဝ၁၉

မြန်မာနိုင်ငံတွင် လူဦးရေအားဖြင့် တစ်သောင်းပတ်ဝန်းကျင်လောက်သာရှိတော့သည့် သက်တိုင်းရင်းသားလူမျိုး ရေရှည်တံ့ရေးနှင့် ရိုးရာဓလေ့ထုံးစံများနှင့် ဘာသာစကားများကို ပိုမိုသိရှိလာစေရန် ရည်ရွယ်ချက်ဖြင့် “သက်လူမျိုးတို့၏ ဓလေ့ထုံးစံ” ခေါင်းစဉ်ဖြင့် ရန်ကုန်မြို့တွင် စကားဝိုင်းတစ်ခု ကျင်းပ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

၎င်းစကားဝိုင်းကို သက်လူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ ဦးစီး၍ ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်၊ ရန်ပြေရပ်ကွက် Royal Village Knowledge Centre တွင် စက်တင်ဘာ ၂၉ ရက်နေ့က ကျင်းပခဲ့သည်ဟု အဆိုပါအဖွဲ့၏ နာယကဆရာတော် အရှင်စန္ဒောဘာသက ပြောသည်။

စကားဝိုင်းတွင် သက်လူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း နာယက အရှင်စန္ဒောဘာသ၊ ဦးမောင်ဆန်း၊ ဒေါ်လှမြင့်ခိုင်၊ ဦးစောထွန်းတို့မှ သက်လူမျိုးတို့၏ သမိုင်းကြောင်း၊ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာများကိုသာမက   ယခင်ကာလနှင့် ယခုကာလ နိူင်းယှဉ်ချက်များကို သုံးသပ်တင်ပြခဲ့ကြသလို  သက်ယဉ်ကျေးမှု မပျောက်ပျက်စေရန် ထိန်းသိမ်းသင့်သောအချက်များကိုလည်း ကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

တက်ရောက်လာသည့် လူငယ်များကလည်း သိရှိလိုသည်များကိုမေးမြန်းပြီး ဦးဆောင်ဆွေးနွေးသူများမှ ပြန်လည် ရှင်းလင်းမှုများ ပြုလုပ်ခဲ့ကြသည်။

စကားဝိုင်းကို  စက်တင်ဘာ ၂၉ ရက် နေ့လယ် ၁ နာရီတွင် စတင်ခဲ့ပြီး စကားဝိုင်းတွင် မွေးရပ်မြေကို စွန့်ခွာပြီး ရန်ကုန်တိုင်းတွင် အသက်မွေးဝမ်းကျောင်းပြုကာ နေထိုင်ကြသော သက်လူငယ် ၂၅ ဦးခန့် တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း နာယက ဆရာတော်က ပြောကြားသည်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က သက်တိုင်းရင်းသား ဦးလှထွန်းကျော်က “ ကျွန်တော်တို့သက်လူမျိုး လူဦးရေက တစ်သောင်းမပြည့်တော့ပါဘူး။ မြန်မာနိုင်ငံမှာဆို အလွန်ဆုံးရှိမှ ခြောက်ထောင်၊ ခုနှစ်ထောင်လောက်ဘဲ ကျန်ရှိပါတော့တယ်။ ဒီလူမျိုးတည်တံ့ရေး အတွက်က ပညာရေးကို မြင့်တင်ပေးရပါမယ်။ စာပေကို ဦးစားပေး ဖော်ထုတ်ရပါမယ်။ ဒီလူမျိုး တည်တံ့ရေး၊ လူမှု စီးပွားဖွံ့ဖြိုးတိုးတက်ရေး အတွက် နိုင်ငံတော် အစိုးရက ပံ့ပိုး ကူညီမှုအားနဲ့ တည်ဆောက်ပေးရပါမယ်။ နေရပ်စွန့်ခွာမှုနည်းအောင် လုပ်ရပါမယ်။ ဒါမှသာ ဒီလူမျိုး တည်တံ့နိုင်ပါမယ်” ဟု ပြောကြားသည်။

လက်ရှိတွင် သက်လူမျိုး စာပေနှင့် ယဉ်ကျေးမှု အဖွဲ့ တစ်ခုကို ဖွဲ့ပြီး လှုပ်ရှားနေသော်လည်း ငွေကြေးအခက်အခဲ ဖြစ်နေသဖြင့် နိုင်ငံတော် အစိုးရ၏ ပံ့ပိုးမှု မရဘဲ ဆောင်ရွက်နိုင်မည်မဟုတ်ကြောင်း၊ ထိုသို့ အဖွဲ့အစည်းဖွဲ့၍ မလူပ်ရှားနိုင်ပါက သက်လူမျိုးများ အတွက် အထူးရင်လေးစရာကောင်းကြောင်း ဦးလှထွန်းကျော်က ပြောသည်။

သက်တိုင်းရင်းသားလူမျိုးများသည် ရခိုင်ပြည်နယ်တွင် အဓိကနေထိုင်ကြပြီး မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ အမ်းနှင့် ရန်ကုန်မြို့တို့တွင် ပျံ့နှံ့စွာနေထိုင်နေကြသည်ဟု သိရသည်။

ဆက်စပ် သတင်းများ