သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

လက်နက်ကြီး အချက်ပေါင်းများစွာထိမှန်၍ မြောက်ဦးရှိ ရှေးဟောင်းသမိုင်းဝင် သင်းကျပ်တောင်ဘုရား ပျက်စီး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ ဒီဇင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 401

မာန်ယုကျော် (ရွှေဝမြေ)
စစ်တွေ၊ ဒီဇင်ဘာ ၂၅ / ၂ဝ၁၉

လက်နက်ကြီး ပစ်ခတ်ခံရမှုကြောင့် ရခိုင်ပြည်နယ် မြောက်ဦးမြို့ရှိ ရှေးဟောင်းသမိုင်းဝင် သင်းကျပ်တောင်ဘုရား ထိခိုက်ပျက်စီးသွားသည်ဟု ဂေါပကအဖွဲ့မှ သိရသည်။

လက်နက်ကြီးကျည်များပစ်ခတ်ခံရမှုကြောင့် ရှေးဟောင်းသမိုင်းဝင် သင်းကျပ်တောင်ဘုရားစေတီ၏ အောက်ခြေတို့ ပျက်စီးသွားပြီး စေတီရင်ပြင်တွင်လည်း ချိုင့်ခွက်ကြီးများဖြစ်ပေါ်သွားသည်ဟု ဆိုသည်။

"ကျနော်တို့မှာ တန်ဖိုး မဆုံးဖြတ်နိုင်တဲ့ ရှေးဟောင်းသမိုင်းဝင် အဆောက်အဦတစ်ခုကို သူတို့ စည်းမဲ့ ကမ်းမဲ့ အဲလို ဖြိုခွဲဖျက်ဆီးပစ်တယ်လို့ဆိုတာက ဒါဟာ ဗုဒ္ဓဘာသာတစ်ယောက်အနေနဲ့ရော၊ ကျနော်တို့ ရခိုင်လူမျိုး တစ်ယောက် အနေနဲ့ရော ဘယ်လိုပြောမလဲ။ ရင်နဲ့အမျှခံစားရတာတွေရှိပါတယ်။ သူတို့တွေကိုပြောရမယ်ဆိုရင် အမှန်တကယ် ရခိုင်ကိုအလေးထားခဲ့တယ်၊ ဗုဒ္ဓဘာသာကို တကယ်အလေးထားခဲ့တယ်ဆိုလို့ရှိရင် ဒါက မဖြစ်သင့်၊ မဖြစ်ထိုက်တဲ့ အရာတွေပဲ။ ပြီးတော့ ဒီနေရာတွေက အခုမှ ရှိတာလည်း မဟုတ်ဘူး။ အရင် အဆက်ဆက်ကနေ တောဂနိုင်ထဲမှာ မပြိုမကွဲရအောင်၊ ရခိုင်လူမျိုးတွေစောင့်ထိန်းတဲ့၊ စောင့်ရှောက်လာတာတွေကို သူတို့ ဖြိုခွဲဖျက်ဆီးပစ်တယ်လို့ဆိုရင် ကျနော်တို့ရခိုင်ရဲ့သမိုင်းယဉ်ကျေးမှုအမွေအနှစ်တွေကို တမင် ဖျက်ဆီးရာရောက်တယ်လို့ ကျနော်တို့အနေနဲ့ သူတို့ကို အဲလိုပဲ မြင်ပါတယ်"ဟု သင်းကျပ်တောင်ဘုရားဂေါပကအဖွဲ့ဝင်တစ်ဦးက နိရဥ္စရာသို့ ပြောသည်။

ဒီဇင်ဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းမှစတင်ကာ မြောက်ဦးမြို့ရှိ ၃၇၈ တပ်ရင်း၊ ၅၄ဝ တပ်ရင်းတို့က မြို့နှင့် ၅ မိုင်ခန့်အကွာရှိ သင်းကျပ်တောင်ကိုပစ်ခတ်ခဲ့မှုကြောင့် ယခုကဲ့သို့ ထိခိုက်ပျက်စီးသွားခြင်းဖြစ်သည်ဟုလည်း ဆိုသည်။

အိမ်သာများနှင့် ခေါင်းလောင်းအနီးရှိ ဒေါက်တိုင်များလည်း ပျက်စီးသွားခဲ့သည်ဟု ဂေါပကအဖွဲ့ဝင်တစ်ဦးက ပြောသည်။

တပ်မတော်သားများ နေရာမဝင်ယူမီ လက်နက်ကြီးများဖြင့် သင်းကျပ်တောင် စေတီအနီးဝန်းကျင်ကို ပစ်ခတ်ခဲ့ပြီး ဒီဇင်ဘာလ ၁၃ ရက်နေ့နောက်ပိုင်းတွင် သင်းကျပ်တောင် တောင်ခြေရင်းနှင့် တောင်ပေါ်နေရာများတွင် တပ်မတော်သားများက ဝင်ရောက် နေရာယူခဲ့သည်ဟု ဆိုသည်။

ပစ်ခတ်မှု ဖြစ်ပွားခဲ့သော်လည်း တောင်ပေါ်ရှိ ဘုရားရင်ပြင်သို့ သွားရောက်မကြည့်ရှုဝံ့ခဲ့ကြောင်း၊ စစ်တပ်ထွက်ခွာသွားခဲ့ပြီးမှ  ယခုရက်ပိုင်းမှ အခြေအနေစောင့်ကြည့်ကာ တက်ရောက်ကြည့်ရှုသည့်အခါ ယခုကဲ့သို့ ထိခိုက်ပျက်စီးနေမှုများကို မြင်တွေ့ရခြင်းဖြစ်သည်ဟုလည်း ဘုရား ဂေါပကအဖွဲ့က ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက ရှေးဟောင်းသမိုင်းဝင်တောင်ကို ရည်ရွယ်ချက်ရှိရှိပစ်ခတ်ခြင်းမဟုတ်ဘဲ AA ရှိနေသည့်အတွက် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု တုံ့ပြန်ပြောသည်။

"ကျနော်တို့က သင်းကျပ်တောင်ကို ပစ်တာမဟုတ်ဘူး။ AA ရှိတဲ့နေရာကို ပစ်တာ။ ကျနော်ပြောတာရှင်းရှင်းလေးပဲ။ ကျနော် အဲဒီဂေါပကတွေကို ပြန်မေးဦးမယ်။ အဲဒီသင်းကျပ်တောင်ကို သူတို့က အမြတ်တနိုးထားပါတယ်ဆိုလို့ရှိရင် အဲဒီသင်းကျပ်တောင်ကို သူတို့က ဘယ်လောက် တန်ဖိုးထားလို့လဲ။ အဲဒီသင်းကျပ်တောင်ပေါ်မှာ AA တွေ နေပြီးတော့မှ မိန်းမရဲ့အသုံးအဆောင်တွေ၊ နောက်ပိုင်းဗျာ Suspender တွေတောင်တွေ့တယ်။ အဲဒါ ဘာလုပ်ရမှာလဲ။ ဒေသခံတွေကရော အဲဒီဘုရားကို ဘယ်လောက်ထိ တန်ဖိုးထားလဲ။ ကြီးကြီးကျယ်ကျယ်လာပြီးတော့ သင်းကျပ်တောင်ဘုရားထိခိုက်သွားပါတယ်။ အဲဒီဂေါပကကို ပြန်မေးမယ်နော်။ အဲဒီသင်းကျပ်တောင်ဘုရားကို ဒီလောက်တန်ဖိုးထားတယ်ဆိုရင် ဘာလို့ AA ကို မိန်းမတွေနဲ့ လက်ခံထားလဲ။ ကျနော်မေးမယ်။ အဲဒီအတိုင်း ခင်ဗျားတို့ရေးနော်။ အဲဒီအတိုင်း မရေးဘူးဆိုရင် နောက် ခင်ဗျား လာမမေးတော့နဲ့ဗျာ "ဟု ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောသည်။

သင်းကျပ်တောင် ဘုရားပွဲပြုလုပ်လျှင် ပွဲတော်လာပရိသတ်များအတွက် သောက်သုံးရေအဖြစ် အားထားနေရသည့် ကန်၏ ကန်ဘောင်ပေါ်တွင်လည်း တပ်မတော်သားအလောင်း သုံးလောင်းကို စည်းမဲ့ကမ်းမဲ့မြှုပ်နှံထားသည်ကို တွေ့ရသည်ဟုလည်း ဂေါပကအဖွဲ့က ပြောသည်။

"မြှုပ်တဲ့အခါ ခွေးတွေစားပြီး အကုန်လုံးပေပွနေတယ်။ အရမ်းညစ်ပတ်တယ်။"ဟု ဂေါပကအဖွဲ့ဝင်တစ်ဦးက ပြောသည်။

အလောင်းမြှုပ်နှံသည့်ကိစ္စနှင့်ပတ်သက်ပြီး ဗိုလ်မှူးကြီးဝင်းဇော်ဦးအား ဆက်လက်မေးမြန်းရာ သူက "တိုက်ပွဲ ဖြစ်တာက စစ်တိုက်တာပဲနော်။ ကျတာ၊ ဒဏ်ရာရတာတော့ ရှိမှာပဲ။ အဲဒီအတွက် ဘာမှ ခင်ဗျားကလည်း ကွယ်ဝှက်စရာအကြောင်းမရှိဘူး။ နော်။ စစ်တိုက်တယ်ဆိုတာက ခင်ဗျားကလည်း သာတစ်လှည့်၊ နာတစ်လှည့်ပဲ။ ထိခိုက်ဒဏ်ရာရတာရှိတယ်။ ဒါပဲ ကျနော်ပြောမယ်။"ဟု ပြန်လည်ဖြေကြားသည်။

လက်နက်ကြီးများဖြင့် ပစ်ခတ်ခံခဲ့ရသည့်သင်းကျပ်တောင်ဘုရားသည် မဟာသက္ကရာဇ် ၁၂၈ ခုနှစ်၊ မြောက်ဦး ခေတ်တွင် ရခိုင်ဘုရင် သူရိယစက္ကမင်းနှင့် မိဖုရားရုစိတာတို့က ဘုရားရှင်၏ သင်းကျပ်တော်ဓာတ်ကို ဌာပနာပြုကာ တည်ထားကိုးကွယ်ခဲ့သည့် ရှေးဟောင်းသမိုင်းဝင် စေတီတော်မြတ်ဖြစ်သည်ဟု ဂေါပကအဖွဲ့မှ သိရသည်။

ရခိုင်တွင် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလမှစတင်ကာ တိုက်ပွဲများဆက်တိုက်ဖြစ်ပေါ်လျက်ရှိရာ မြောက်ဦးရှိ ရှေးဟောင်း သမိုင်းဝင် ဘုရားပုထိုးစေတီများလည်း ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်လျက်ရှိနေသည်။ ယခုကဲ့သို့ ထိခိုက် ပျက်စီး နေမှုများသည် မြောက်ဦးမြို့ကို ယူနက်စကိုစာရင်းဝင်နိုင်ရေးဆောင်ရွက်ရာတွင် ထိခိုက်နစ်နာမှုများရှိ၍ မြောက်ဦးယဉ်ကျေးမှုနယ်မြေအနီးတွင် တိုက်ပွဲများဖော်ဆောင်ခြင်းမပြုကြရန်လည်း ဒေသခံများက လိုလားနေကြသည်။

ဓာတ်ပုံ - Khine Min Tun

----------------------

Unicode:


















ဓာတျပုံ - Khine Min Tun

ဆက်စပ် သတင်းများ