ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ရခိုင်တွင် ၉ လအတွင်း ယာဉ်မတော်တဆမှုကြောင့် ၈၅ ဦးသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ အောက်တိုဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 8.7k

နောင်ခိုင်အောင်
နိရ ဥ္စရာ၊ အောက်တိုဘာ ၅ /၂ဝ၂၁
ရခိုင်ပြည်နယ်တွင် ၉ လအတွင်း ယာဉ်မတော်တဆမှုကြောင့် လူပေါင်း ၈၅ ဦးသေဆုံးပြီး ၁၆ဝ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ရခိုင်ပြည်နယ် အမှတ်(၅)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲရုံးမှ သိရသည်။
ယခုစာရင်းသည် ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာ ၃ဝ ရက်အထိ ကောက်ခံရရှိထားသည့်စာရင်းဖြစ်သည်။
အဆိုပါအမှုများတွင် ဆိုင်ကယ်ကြောင့်ဖြစ်ပွားသည့်အမှု ပိုများသည်ဟုလည်း ရခိုင်ပြည်နယ် အမှတ်(၅)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲရုံးမှ ရဲမှူးအောင်သူက နိရဥ္စရာကို ပြောသည်။
“အဓိကတော့ ဆိုင်ကယ်တွေပေါ့။ ကားကတော့ အဲလောက်မဟုတ်ဘူး။ ဖြစ်လိုက်ရင် ဆိုင်ကယ်တွေပဲဖြစ်တယ်”ဟု ပြောသည်။
ယခုဖြစ်စဉ်များတွင် ညဥ့်အချိန် အရက်သေစာသောက်စားမူးယစ်မောင်းနှင်မှုကြောင့်ဖြစ်ပွားသည့်ဖြစ်စဉ် ပိုများသည်ကိုတွေ့ရသည်ဟုလည်း ရဲမှူးအောင်သူက ပြောသည်။
“အရက်သေစာသောက်စားပြီး မမောင်းပါနဲ့။ အဆင်ပြေတဲ့ နေရာမှာအိပ်လိုက်ပါ။ အဆင်ပြေတဲ့အခါ ထမောင်းပါ။ ဒီလိုအချိန်မှာ ၃၀ ရာခိုင်နှုန်းလောက်ရှိမှာပေါ့။ ညနေပိုင်မှာတော့ ၆၀ ရာခိုင်နှုန်းအထိရှိမှာပေါ့” ဟု ပြောသည်။
စစ်တွေရှိ ယာဉ်မတော်တဆမှုဖြစ်စဉ်များတွင် လူနာများကို ဆေးရုံသို့သွားရောက်သယ်ယူပို့ဆောင်ပေးနေရသည့် ရွှေရောင်မေတ္တာဖောင်ဒေးရှင်းမှ ဒုဥက္ကဋ္ဌ သာကီလင်းကလည်း အရက်သေစာသောက်စားပြီးဆိုင်ကယ်မောင်းနှင်မှုများကြောင့် သေဆုံးသူ ပိုများသည်ဟု ပြောသည်။
“ကျနော်တို့ဘက်ကပြောနိုင်တာကတော့ အရက်သောက်ပြီး မောင်းတာပိုများပါတယ်။ အရက်မူးပြီးတော့ အရမ်းမောင်တာတွေ ဆင်ခြင်စေချင်ပါတယ်” ဟု ပြောသည်။
ရခိုင်တွင် ပြီးခဲ့သည့် ၂ဝ၂ဝ ပြည့်နှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ ၉ လအတွင်းကလည်း ယာဉ်မတော်တဆမှုကြောင့် လူပေါင်း ၈၃ ဦးသေဆုံးပြီး ၂၂၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ပြည်နယ် အမှတ်(၅) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲရုံးမှ သိရသည်။
ပြီးခဲ့သည့်နှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ တစ်နှစ်အတွင်းဆိုလျှင် ၁၂၁ ဦးသေဆုံးပြီး ၂၆၈ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
ဓာတ်ပုံ - ရွှေရောင်မေတ္တာဖောင်ဒေးရှင်း


ဆက်စပ် သတင်းများ