စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

အမ်းတွင် ခရီးသည်တင်ကားတစ်စီး ဘရိတ်ပေါက်ကာ တောင်အောက်သို့ထိုးဆင်းသွား၍ လူ ၄ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာပြင်းထန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ ဒီဇင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 2.4k

မြထွီးသျှင်
နိရဥ္စရာ၊ ဒီဇင်ဘာ ၁၅/ ၂၀၂၁
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ခရီးသည်တင်ကားတစ်စီးသည် ဘရိတ်ပေါက်ကာ တောင်အောက်သို့ထိုးကျ၍ လူ ၄ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာအပြင်းအထန်ရရှိသွားကြောင်း သိရသည်။
တောင်အောက်သို့ထိုးဆင်းသွားသည့်ကားမှာ မန္တလေးမှ စစ်တွေသို့ထွက်ခွာလာသော ကစ္ဆပနဒီခရီးသည်တင်ကားဖြစ်သည်။
အဆိုပါကားသည် ယနေ့ ဒီဇင်ဘာလ ၁၅ ရက် ည ၇ နာရီခွဲခန့်တွင် အမ်းမြို့နယ် ဆင်ခုံတိုင်ကျေးရွာအနီး မိုင်တိုင်အမှတ် ၈၅ တွင် တောင်ပေါ်အကွေ့၌ ဘရိတ်ပေါက်၍ တောင်အောက်သို့ ထိုးဆင်းသွားခဲ့ခြင်းဖြစ်သည်ဟု အခင်းဖြစ်သည့်နေရာသို့ ရောက်ရှိနေသူ အမ်းတောင်အုပ်စုအုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လွင်က နိရဥ္စရာသို့ အတည်ပြုပြောကြားသည်။
ယင်းဖြစ်စဉ်ကြောင့် ကားပေါ်ပါလာသည့် လူ ၄ ဦးမှာ သေဆုံးသွားပြီး ကျန် ၆ ဦးမှာ ဒဏ်ရာအပြင်းအထန်ရရှိသွားသည်ဟုလည်း သိရသည်။
"အခုလောလောဆယ် ဒဏ်ရာရထားတဲ့သူတွေကို အမ်းပြည်သူ့ဆေးရုံကို ပို့ထားတယ်။ ဒဏ်ရာရထားသူတွေကတော့ အပြင်းအထန်ပါပဲ။ အခြေအနေမကောင်းသလောက် ရှိတယ်" ဟု ပြောသည်။
သေဆုံးသူနှင့် ဒဏ်ရာရရှိသူများကို အမ်းမြို့နယ်မီးသတ်တပ်ဖွဲ့က အရေးပေါ်ကယ်ဆယ်ပေးခဲ့ရပြီး သေဆုံးသည့်အထဲတွင် အလောင်းထုတ်မရဘဲ ခေါင်းညှပ်သေဆုံးနေသူ ၁ ဦးကို ယနေ့ည ၁၂ နာရီခန့်အထိ ဆက်လက်ထုတ်ယူနေရဆဲဖြစ်သည်ဟု သိရသည်။
အဆိုပါကားတွင် ယာဉ်မောင်း ၂ ဦးနှင့် စပယ်ယာ ၁ ဦး၊ ငွေကိုင် ၁ ဦးနှင့် ခရီးသည် ၆ ဦးပါသွားကြောင်း ကစ္ဆပနဒီမန္တလေးကားဂိတ်တာဝန်ခံက ပြောသည်။
သေဆုံးသူ ၄ ဦးတွင် ယာဉ်မောင်း ဘထောင့်ဆိုသူတစ်ဦးပါဝင်ပြီး နောက်ထပ်သေဆုံးသူနှင့်ဒဏ်ရာရသူများ၏အမည်နှင့်နေရပ်ကို စုံစမ်းမရသေးပါ။
ယခုကိစ္စနှင့်ပတ်သက်ပြီး ယနေ့ည ၁၁ နာရီခန့်တွင် အမ်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပါ။

ဆက်စပ် သတင်းများ