ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

အမ်းတွင် လူ ၄ ဦးသေဆုံးခဲ့သည့် ကားမှောက်မှုအတွင်း ဒဏ်ရာရသူ ၆ ဦးအနက် ၂ ဦး စိုးရိမ်ရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ ဒီဇင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 988

မြထွီးသျှင်
နိရဥ္စရာ၊ ဒီဇင်ဘာ ၁၆/ ၂၀၂၁
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် လူ ၄ ဦးသေဆုံးခဲ့ရသည့် ကားမှောက်မှုအတွင်း ဒဏ်ရာရသူ ၆ ဦးအနက် ၂ ဦးမှာ စိုးရိမ်ရသည့်အခြေအနေရှိကြောင်း သိရသည်။
စိုးရိမ်ရသူ ၂ ဦးတွင် တစ်ဦးကို အရေးပေါ်ခွဲစိပ်ရမည့်အခြေအနေရှိသည်ဟုလည်း အမ်းပြည်သူ့ဆေးရုံအုပ် ဒေါက်တာအောင်ကျော်မိုးက နိရဥ္စရာသို့အတည်ပြုပြောကြားသည်။
“သူတို့ကားမှာ ၁၀ ယောက်ပါတယ်လို့တော့ ပြောတယ်။ ၄ ယောက်ကတော့ သေပြီးတော့ ဆေးရုံရောက်လာတာ။ ကျန် ၆ ယောက်မှာ ၂ ယောက်ကတော့ ပြင်းထန်ဒဏ်ရာရတယ်။ ကျန် ၄ ယောက်ကတော့ ပုံမှန်ထိခိုက်ဒဏ်ရာရထားတယ်၊ ပြင်းထန်ဒဏ်ရာရသူထဲမှာ လက်ညှပ်ပါသွားတဲ့ တစ်ယောက်ကတော့ အရေးပေါ်ခွဲစိပ်မှုလုပ်ရမယ်”ဟု ပြောသည်။
သေဆုံးသူနှင့်ဒဏ်ရာရသူများသည် ယမန်နေ့ ဒီဇင်ဘာလ ၁၅ ရက် ညနေ ၇ နာရီခွဲခန့်တွင် အမ်းမြို့နယ် ဆင်ခုံတိုင်ကျေးရွာအနီး ဘရိတ်ပေါက်ကာ တောင်အောက်သို့ထိုးဆင်းသွားခဲ့သည့် ခရီးသည်တင်ကားတိမ်းမှောက်မှုကြောင့် သေဆုံး၊ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
တောင်အောက်သို့ထိုးဆင်းသွားခဲ့သည့် ခရီးသည်တင်ကားမှာ မန္တလေးမှ စစ်တွေသို့ ယာဉ်မောင်း ဦးဘဒေါင်း(ခေါ်)ဦးခင်မောင်ဦးမောင်းနှင်လာသော ကစ္ဆပနဒီခရီးသည်တင် မှန်လုံကားဖြစ်သည်။
အဆိုပါကားတွင် ယာဉ်မောင်း ၂ ဦး၊ စပယ်ယာ ၁ ဦး၊ ငွေကိုင် ၁ ဦးနှင့် ခရီးသည် ၆ ဦးလိုက်ပါလာခဲ့သည်ဟု သိရသည်။
အဆိုပါကားသည် အမ်းမြို့နယ် ဆင်ခုံတိုင်ကျေးရွာအနီး မိုင်တိုင်အမှတ် ၈၅/၃ မိုင်သို့အရောက်တွင် တောင်ပေါ်အကွေ့၌ ဘရိတ်ပေါက်ကာ တောင်အောက်သို့ ထိုးဆင်းသွားခဲ့ခြင်းဖြစ်သည်။
ယင်းဖြစ်စဉ်ကြောင့် ယာဉ်မောင်း ၁ ဦး၊ ခရီးသည် ၃ ဦး၊ စုစုပေါင်း ၄ ဦးပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး ကျန် ၆ ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
အမ်းမြို့မှ လူမှုရေးလှုပ်ရှားသူ ကိုမျိုးလွင်က “အခုဖြစ်တဲ့နေရာဟာ အမ်းမြို့နယ် ရခိုင်ရိုးမထဲမှာ ခရီးသည်တင်ကားတွေ၊ ကုန်ကားတွေ မတော်တဆမှုအဖြစ်အများဆုံး၊ သေဆုံး၊ ဒဏ်ရာရမှုအများဆုံးနေရာဖြစ်ပါတယ်။ ဒါကြောင့် သတိထားမောင်းနှင်ကြဖို့လိုပါတယ်”ဟု နိရ ဉ္စရာကိုပြောသည်။
ကားပေါ်တွင်လိုက်ပါလာသည့် နောက်ထပ်အမျိူးသမီး ၁ ဦးပျောက်ဆုံးနေသည်ဟုသတင်းထွက်ပေါ်နေသော်လည်း ကားပေါ်တွင် ၁ဝ ဦးသာပါရှိပြီး ပျောက်ဆုံးသူမရှိဟု ဒဏ်ရာရသူများကပြောကြကြောင်း အမ်းပြည်သူ့ဆေးရုံအုပ် ဒေါက်တာအောင်ကျော်မိုးက နိရဥ္စရာကိုပြောသည်။
သေဆုံးသူများနှင့် ဒဏ်ရာရသူများ၏အမည်နှင့် နေရပ်လိပ်စာအတိအကျကို ယခုအချိန်ထိ မေးမြန်းစုံစမ်း၍ မရသေးပါ။

ဆက်စပ် သတင်းများ