ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

အမ်းတွင် ခရီးသည်တင်ကား ၁ စီး ဝါယာရှော့ခ်ဖြစ်၍ မီးလောင်မှုဖြစ်၊ ခရီးသည်များ၏ကုန်များအားလုံး ပျက်စီး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ ဒီဇင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 9.3k


မြထွီးသျှင်
နိရဥ္စရာ၊ ဒီဇင်ဘာ ၂၅/ ၂၀၂၁
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဆင်ခုံတိုင်ကျေးရွာအနီးတွင် ယမန်နေ့ညဉ့်က ခရီးသည်တင်ကားတစ်စီး ၀ါယာရှော့ခ်ဖြစ်၍ ကားတွင်ပါလာသည့် ခရီးသည်များ၏ကုန်ပစ္စည်းများအားလုံး ပျက်စီးဆုံးရှုံးသွားသည်ဟု သိရသည်။
ရန်ကုန်မှ စစ်တွေသို့လာသော ချမ်းမြေ့ခရီးသည်တင်မှန်လုံကားသည် ယမန်နေ့ညဉ့် ၁၂ နာရီခန့်က အမ်းမြို့နယ်၊ ဆင်ခုံတိုင်ကျေးရွာအနီးတွင် ၀ါယာရှော့ခ်ဖြစ်ကာ မီးလောင်ကျွမ်းသွားပြီး ကားတစ်စီးလုံးပျက်စီးသွားကြောင်း အခင်းဖြစ်ပွားရာနေရာသို့ရောက်ရှိခဲ့သည့် ဆင်ခုံတိုင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဟန်ဝင်းအောင်က နိရဥ္စရာသို့ပြောသည်။
“ကုန်တွေကတော့ အကုန်လုံးမီးလောင်တဲ့အထဲမှာ ပါသွားတယ်။ လူတွေကတော့ ဘာမှမဖြစ်ဘူး။ ကားမီးလောင်တဲ့အခါ ပစ္စည်းတွေကိုတော့ အောက်ကိုချချိန်မရလိုက်ဘူးလေ” ဟုပြောသည်။
အဆိုပါကားပေါ်တွင် ကားဝန်ထမ်းများနှင့် ခရီးသည်စုစုပေါင်း ၂၀ ဦးခန့်ပါရှိကြောင်း သိရသည်။
လက်ရှိတွင် အဆိုပါကားနှင့်လိုက်ပါလာသည့် ခရီးသည်များသည် ဆင်ခုံတိုင်ကျေးရွာတွင်ရှိနေပြီး ၎င်းတို့အားပြန်လည်ပို့ဆောင်ရန်အတွက် ခရီးသည်တင်ကားတစ်စီးလာနေကြောင်း သိရသည်။
ကားပေါ်တွင်လိုက်ပါလာသည့် ခရီးသည်မခိုင်မာက “ပါလာတဲ့ပစ္စည်းလေးတွေ ဆုံးရှုံးသွားတာရှိတယ်။ ညမတို့ထက် ပစ္စည်းတွေများပြီး နစ်နာတဲ့သူတွေလည်း အများကြီးပါပဲ။ ညမတို့ဆိုရင် အိတ်ထဲမှာ PASSPORT တွေ ထည့်ထားတာ၊ ဘာမှမရလိုက်ဘူးရှင့်”ဟု ပြောသည်။
အဆိုပါမီးလောင်ကျွမ်းမှုသည် နာရီဝက်ခန့်ကြာမြင့်ခဲ့သည်ဟုလည်း သိရသည်။
အမ်းမြို့နယ်၊ ဆင်ခုံတိုင်ကျေးရွာအနီးတွင် ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၅ ရက်ကလည်း ခရီးသည်တင်ကားတစ်စီး ဘရိတ်ပေါက်ကာ တောင်အောက်ကိုထိုးကျသွား၍ ကားပေါ်တွင်ပါလာသည့် လူ ၄ ဦးသေဆုံးခဲ့ပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ - စွမ်းအား

ဆက်စပ် သတင်းများ