စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

မင်းပြားတွင် ကျောင်းသူ ၂ ဦး ကားတိုက်ခံရ၍ ၉ တန်းကျောင်းသူ ပွဲချင်းပြီးသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ ဖေဖော်ဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 3.8k

ထက်အောင်
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၁၆/ ၂၀၂၂
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်တွင် ယမန်နေ့က ကျောင်းသူ ၂ ဦး ကားတိုက်ခံရ၍ ၉ တန်းကျောင်းသူ ၁ ဦး ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရသည်။
သေဆုံးသွားသူမှာ မင်းပြားမြို့နယ် အထက်ခချီးမြောင်ကျေးရွာမှ (၉)တန်းကျောင်းသူ မစုလှိုင်ဦး (၁၄ နှစ်)ဖြစ်သည်။
သူမသည် ကမ်းနီအထက်တန်းကျောင်းတွင်ပညာသင်ကြားနေသူဖြစ်ပြီး ယမန်နေ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ညနေပိုင်း ၄ နာရီက (၅)တန်းကျောင်းသူ မနီလာဝင်း (၁၁ နှစ်)နှင့်အတူ စက်ဘီးဖြင့် ရွာသို့ ကျောင်းဆင်း၍ ပြန်လာစဉ် ကမ်းနီကျေးရွာ၏ မြောက်ဘက် စစ်တွေ-ရန်ကုန် ကားလမ်းပေါ်တွင် ကုန်ကား ၁ စီး၏ တိုက်မိခြင်းကို ခံခဲ့ရခြင်းဖြစ်သည်ဟု မိသားစုဝင်များက ပြောသည်။
ဒဏ်ရာရရှိသွားသည့် မနီလာဝင်း၏အဖိုး ဦးအောင်လှက “သူတို့က ချောင်းနက်ရွာကနေပြီး ကမ်းနီမှာ ကျောင်းတက်နေတာ။ မနေ့က ကျောင်းဆင်းလာချိန်မှာ ကျောင်းသူတွေကတော့ စက်ဘီးနဲ့ သွားတယ်။ အဲဒါကို နောက်ကနေ ဝင်တိုက်တာ။ ဒီလို ဖြစ်ရပ်အပေါ်မှာ စိတ်မကောင်းဖြစ်ရပါတယ်” ဟု ပြောသည်။
သေဆုံးသွားသည့်ကျောင်းသူသည် ကားဘီးကြိတ်ခံရ၍ ဦးခေါင်းပြိုကွဲဒဏ်ရာဖြင့် နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားပြီး ၅ တန်းကျောင်းသူတွင် အတွင်းဒဏ်ရာရသွား၍ မင်းပြားဆေးရုံတွင် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။
ဒဏ်ရာရရှိသွားသည့်ကျောင်းသူမှာ မင်းပြားမြို့နယ် ချောင်းနက်ကျေးရွာမှ ဖြစ်သည်။
တိုက်မိခဲ့သည့်ကားမှာ ၁၂ ဘီးယာဉ်အမျိုးအစားဖြစ်ပြီး လက်ရှိတွင် ယာဉ်မောင်းဖြစ်သူ ဦးဇော်ဇော်ထွေးကို ရက္ခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့က စစ်ဆေးအရေးယူရန် ခေါ်ဆောင်သွားသည်ဟု ဒေသခံများက ပြောသည်။

ဆက်စပ် သတင်းများ