ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

စစ်တွေတွင် ယာဉ်မတော်တဆဖြစ်၍ လူ ၆ ဦးဒဏ်ရာရ၊ တစ်ဦးသွေးအန်၍ ဆေးရုံရောက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ ဧပြီ ၂၀၂၂
  • | ကြည့်ရှုသူ: 2.1k

သဥ္ဇာနွယ်
နိရဥ္စရာ၊ ဧပြီ ၄ / ၂၀၂၂
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ယာဉ်မတော်တဆဖြစ်၍ လူ ၆ ဦး ဒဏ်ရာရရှိသွားပြီး ယင်းအနက် တစ်ဦးမှာ သွေးအန်သည့်အတွက် စစ်တွေဆေးရုံကြီးတွင် တက်ရောက်ကုသနေရသည်ဟု သိရသည်။
ယခုဖြစ်စဉ်သည် စစ်တွေမြို့၊ မောလိပ်ရပ်ကွက်ရှိ မောလိပ်စာသင်ကျောင်းအနီး မင်းဘာကြီးလမ်းတွင် ယမန်နေ့ ဧပြီ ၃ ရက် ညနေ ၅ နာရီကျော်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
အမျိုးသားနှစ်ဦးမောင်းနှင်လာသောအိမ်စီးကားသည် ဓာတ်တိုင်ကိုဝင်တိုက်ပြီးနောက် ရှေ့မှမောင်းလာသော ဆိုင်ကယ် ၂ စီးနှင့် အပြင်မှပြန်လာ၍ အိမ်ရှေ့တွင်ရပ်တန့်နေဆဲဖြစ်သည့် ဆိုင်ကယ် ၁ စီးတို့အား ထပ်မံဝင်တိုက်မိ၍ ဆိုင်ကယ်စီးလာသူ ၆ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သွားရောက်ကူညီပေးခဲ့သည့် ရွှေရောင်မေတ္တာဖောင်ဒေးရှင်းမှ ကိုဒေးဗစ်က နိရဥ္စရာကိုပြောသည်။
"ကားမောင်းတဲ့သူနဲ့ကားပေါမှာပါလာတဲ့သူကတော့ ဘာမှမဖြစ်ဘူး။ ဆိုင်ကယ်နဲ့လူတွေက ဒဏ်ရာရတယ်။ တစ်ယောက်ကတော့ အိမ်ရောက်မှ သွေးအန်လို့ဆေးရုံတက်နေရတယ်"ဟု ပြောသည်။
ဒဏ်ရာရရှိသူများမှာ စစ်တွေမြို့၊ မင်းဂံရပ်ကွက်မှဖြစ်သည်ဟု သိရသည်။
ယာဉ်ပေါ်ပါနှစ်ဦးလုံးသည် အရက်သေစာသောက်စားကာ မောင်းနှင်လာသည့်အတွက် ယခုကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟုလည်း သိရသည်။
ယခုဖြစ်စဉ်နှင့်ပတ်သက်ပြီး ယာဉ်မောင်းသူများကို ယာဉ်အား မဆင်မခြင်မောင်းနှင်မှုဖြင့် အမှုဖွင့်အရေးယူထားသည်ဟု အမှတ်(၅)ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲ(ရခိုင်)မှ ရဲအုပ်အောင်သူဟိန်းက နိရဥ္စရာကိုပြောသည်။
ဓာတ်ပုံ - ရွှေရောင်မေတ္တာဖောင်ဒေးရှင်း

ဆက်စပ် သတင်းများ