ကြာသပတေး၊ ဧပြီလ ၁၈ရက်၊ ၂၀၂၄

ရမ်းဗြဲတွင်ယာဉ်တိုက်မှုကြောင့် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး ကျောင်းသားတစ်ဦးသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ မေ ၂၀၂၂
  • | ကြည့်ရှုသူ: 6.9k

သဥ္ဇာနွယ်
နိရဥ္စရာ၊ မေ ၆ / ၂၀၂၂
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့တွင် ယာဉ်တိုက်မှုကြောင့် ကျောင်းသားတစ်ဦးသည် ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။
သေဆုံးသွားသူမှာ ရမ်းဗြဲမြို့နယ်၊ ကုလားပုန်းအုပ်စု၊ မြို့ချိန်ကျေးရွာမှ ဦးကြာလှအောင်နှင့် ဒေါ်အစိတ်ကေတို့၏သား မောင်ပြည့်စုံအောင် (၁၉ နှစ်ခန့်)ဖြစ်သည်။
သူသည် တက္ကသိုလ်ဝင်တန်းအောင်မြင်ထားသူဖြစ်ပြီး ကျောက်ဖြူမြို့နယ် စနဲမြို့ရှိ မြတန်ဆောင်းပညာဒါနသင်တန်းကျောင်းတွင် ကွန်ပျူတာနှင့် အင်္ဂလိပ်စာတက်ရောက်သင်ကြားနေသူဖြစ်သည်ဟု ဒေသခံများက ပြောသည်။
သူသည် ယနေ့ မေလ ၆ ရက်နေ့ နံနက် ၉ နာရီခန့်က သင်တန်းမှ ဆိုင်ကယ်ဖြင့် ရွာသို့ပြန်လာစဉ် ရန်ကုန်မှ ကျောက်ဖြူသို့လာသော ရွှေစင်ဝတီခရီးသည်တင်ကားနှင့် ရမ်းဗြဲမြို့နယ်၊ အလယ်ချောင်း ကံကော်တွင်းရွာအနီးတွင် အတိုက်ခံခဲ့ရခြင်းဖြစ်သည်ဟု မြို့ချိန်ကျေးရွာမှ ဆရာတော်ဦးဉာဏသာရက နိရဥ္စရာကို မိန့်သည်။
"သူက သင်တန်းကအပြန် ရွာကိုပြန်လာတဲ့အချိန်မှာ တိုက်မိပြီး ပွဲချင်းပြီးဆုံးသွားတာ"ဟု မိန့်သည်။
သေဆုံးသည့်ကျောင်းသားအား ယနေ့ နေ့လယ် ၁ နာရီက သူ၏ကျေးရွာတွင် သင်္ဂြိုလ်လိုက်ပြီဖြစ်ကြောင်း သိရသည်။
ယခုဖြစ်စဉ်ကြောင့် ဒဏ်ရာရသွားသည့်ကားဒရိုင်ဘာသည် ကျောက်ဖြူမြို့နယ်၊ စနဲမြို့ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း ဒေသခံများက ပြောသည်။
ယခုဖြစ်စဉ်နှင့်ပတ်သက်ပြီး ရွှေစင်ဝတီခရီးသည်တင်ယာဉ်လိုင်းအား ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။
ရွှေစင်ဝတီယာဉ်လိုင်းမှ ခရီးသည်တင်ကားတစ်စီးသည် ပြီးခဲ့သည့် ဧပြီလ ၃၀ ရက်ညပိုင်းကလည်း ရန်ကုန်မှပြန်လာစဉ် ဂွမြို့နယ် ဗေဒါစစ်ဆေးရေးဂိတ်အနီး သုံးထပ်ကွေ့တွင် တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း ခရီးသည်များမှ သိရသည်။
ယင်းဖြစ်စဉ်ကြောင့် အသေအပျောက်မရှိခဲ့သော်လည်း ထိခိုက်ဒဏ်ရာပြင်းထန်သည့်ခရီးသည်အချို့ရှိခဲ့သည်ဟုလည်း သိရသည်။
ဓာတ်ပုံ - ဦးဉာဏသာရ

ဆက်စပ် သတင်းများ