သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ယခုနှစ် ရခိုင်အမျိုးသားနေ့ မကျင်းပနိုင်သော်လည်း စစ်တွေမြို့မစျေးကြီးအား ၂ ရက်တာ ပိတ်မည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ ဇွန် ၂၀၂၀
  • | ကြည့်ရှုသူ: 400

ဆောင်းဇာခြည်

နိရဥ္စရာ၊ ဇွန် ၄/ ၂ဝ၂ဝ

ယခုနှစ် ၇ ကြိမ်မြောက် ရခိုင်အမျိုးသားနေ့အား ပြည်နယ်အဝှမ်းတွင် ကျင်းပနိုင်မည်မဟုတ်သော်လည်း စစ်တွေမြို့မစျေးကြီးအား ၂ ရက်တာ ပိတ်မည်ဖြစ်ကြောင်း စျေးကော်မတီအတွင်းရေးမှူး ဦးစိုးနိုင်က ပြောသည်။

ဦးစိုးနိုင်က “၂ ရက်ပိတ်တဲ့ထဲက ပထမတစ်ရက်ပိတ်တာက ဇွန်လ ၅ ရက်နေ့ဟာ ကဆုန်လပြည့်နေ့ဖြစ်နေလို့ အဲဒီနေ့ တစ်ရက်ပိတ်တယ်။ ပြီးတော့ ဇွန်လ ၆ ရက်နေ့က ရခိုင်အမျိုးသားနေ့ဖြစ်နေလို့ စျေးဆိုင်တွေ အများကြီးရဲ့ သဘောနဲ့ စုပေါင်းလက်မှတ်ထိုးကြပြီး ပိတ်ပါတယ်။ ရခိုင်အမျိုးသားနေ့ရောက်တိုင်းတော့ နှစ်တိုင်း ပိတ်တာပါပဲ။ ဒါပေမယ့် အစိုးရရုံးပိတ်ရက်လိုမျိုးပိတ်တာတော့ မဟုတ်ဘူးပေါ့နော်။ စျေးဆိုင်တွေက သူတို့ အဲဒီနေ့မှာ စျေးကိုပိတ်မယ်ဆိုလို့ သဘာတူညီချက်နဲ့အညီ  ပိတ်ကြတာပါ” ဟု နိရဥ္စရာသို့ ပြောသည်။

ယခုနှစ် ၇ ကြိမ်မြောက် ရခိုင်အမျိုးသားနေ့အား Covid-19 ရောဂါအခြေနေနှင့် လက်ရှိ ရခိုင်ပြည်အတွင်း စစ်ရေး ပဋိပက္ခများကြောင့် မကျင်းပနိုင်တော့၍ အလွန်စိတ်မကောင်းဖြစ်ရကြောင်း ရခိုင်အမျိုးသား နေ့ကျင်းပရေး ကော်မတီဝင် အတွင်းရေးမှူး ဦးစိုးနိုင်က ပြောသည်။

ဦးစိုးနိုင်က “ကျွန်တော်တို့မှာ ဒီရခိုင်အမျိုးသားနေ့ကို ရခိုင်တစ်ပြည်လုံးမှာ လုပ်ပါတယ်။ တစ်နှစ်မှာ တစ်ခါပဲ ကျင်းပရတဲ့ပွဲပေါ့။ ဒီပွဲကို မနှစ်တုန်းကအကြိမ်နဲ့ အခု အကြိမ်မကျင်းပနိုင်ခဲ့ဘူး။ မနှစ်တုန်းကလည်း ရခိုင်မှာ စစ်ရေး ပဋိပက္ခအရှိန်က မြင့်နေတဲ့အတွက် မလုပ်နိုင်ခဲ့ဘူး။ ဒီရခိုင်အမျိုးသားနေ့ကို အစိုးရက တရားဝင် ခွင့်ပြုထားတာတော့ မရှိသေးဘူး။ ကျွန်တော်တို့ လွှတ်တော်မှာရော၊ ပြည်နယ်အစိုးရထံရော တရားဝင် ခွင့်ရဖို့အတွက် စာတင်တာတွေလည်း ရှိခဲ့ပါတယ်။ တစ်နှစ်တကြိမ်  ၅ နှစ်တိုင်တိုင် ကျွန်တော်တို့ ရခိုင်တစ်ပြည်နယ်လုံးမှာ ဒီအမျိုးသားနေ့ကို ကျင်းပခဲ့ကြပါတယ်။” ဟု နိရဥ္စရာသို့ ပြောသည်။

အဆိုပါ ရခိုင်အမျိုးသားနေ့ကို ကျင်းပခဲ့သည့် နှစ်များက ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်များလည်း တက်ရောက်ကြကြောင်း၊ ယင်းပွဲဖြစ်မြောက်ရေးအတွက် အရပ်ဖက်အဖွဲ့အစည်းများက ဦးဆောင်ကာ ပြုလုပ်ခြင်းဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

“ပွဲကျင်းပရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ ကမ္ဘာတစ်ဝှမ်းမှာ ရှိတဲ့ ရခိုင်အမျိုးသားတစ်ရပ်လုံးရဲ့ စည်းလုံး ညီညွတ်မှုကို ပြဖို့အတွက် ဒီအမျိုးသားရေး လက္ခဏာတွေကို ထိန်းသိမ်းစောင့်ရှောက်နိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျင်းပတာ ဖြစ်တယ်။” ဟု ၄င်းက ပြောသည်။

ယင်းနေ့သို့ ရောက်လျှင် ရခိုင်ပြည်သူများ အနေဖြင့် သင်္ဃာတော်များအား အရုဏ်ဆွမ်းကပ်လှူခြင်း၊ လှူဖွယ်ဝတ္ထုများ ကပ်လှူကြခြင်း၊ အမျိုးသားနေ့ အခမ်းအနား ကျင်းပခြင်း၊ ရခိုင်ရိုးရာယဉ်ကျေးမှု ပြခန်းများအား ပြသခြင်း၊ ရိုးရာ မုန့်အရောင်းဆိုင်များ ဖွင့်လှစ်ရောင်းချခြင်း၊ ရခိုင်တိုင်းရင်းသား မျိုးနွယ်စုဝင်များနှင့် စတိတ်စင်တက် ကပွဲများအား ပြုလုပ်ကြောင်း သိရသည်။

မဟာ သက္ကရာဇ် ၁၂၃ ခုနှစ်က ဗုဒ္ဓဘုရားရှင်သည် ရခိုင်ပြည်သို့ ကြွရောက်လာစဉ် ဓညဝတီပြည့်ရှင် ဘုရင် စန္ဒသူရိယမင်းကြီးက ကျောက်တော်မြို့မှ မဟာမုနိဘုရားကြီးအား စတင်သွန်းလောင်း ပူဇော်သည့်နေ့ကို ရခိုင်အမျိုးသားနေ့ အဖြစ် ၂ဝ၁၄ ခုနှစ်က ကျောက်ဖြူတွင် ပြုလုပ်သည့် ရခိုင်အမျိုးသားညီလာခံမှ သတ်မှတ်ကြောင်း သမိုင်း မှတ်တမ်းများအရ သိရသည်။


ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!