တနင်္ဂနွေ၊ စက်တင်ဘာလ ၈ရက်၊ ၂၀၂၄

ရခိုင်လူမျိုးများ၏ နှစ်ပေါင်း (၂၄၀) ကျော် လူမျိုးခြားလက်အောက်တွင် လွတ်လပ်ရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆုံးရှုံးမှုကို ကိုယ်ချင်းစာနားလည်ကြောင်း ချင်းပြည်အစိုးရဖော်ပြ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 2.1k

(အာရက္ခတပ်တော် အနေဖြင့် ချင်းပြည်နိုင်ငံရေးကိစ္စတွင် ဝင်ရောက်စွက်ဖက်ခြင်းကို အမြန်ဆုံး ရပ်တန့်ပါရန် ချင်းပြည်အစိုးရ အလေးအနက် တောင်းဆို)

နိရဉ္စရာ၊ ဇူလိုင် ၂၀/ ၂၀၂၄

ရခိုင်လူမျိုးများ၏ ၁၇၈၄ ခုနှစ်မှ ဆုံးရှုံးခဲ့သော အချုပ်အခြာအာဏာနှင့် နှစ်ပေါင်း (၂၄၀) ကျော် လူမျိုးခြား လက်အောက်တွင် လွတ်လပ်ရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဆုံးရှုံးမှုကိုလည်း ကိုယ်ချင်း စာနားလည်ပါကြောင်း ချင်းပြည်(Chinland)အစိုးရ အစိုးရ၏ သဘောထား ထုတ်ပြန်ချက်၌  ဖော်ပြထားသည်။

ထို့အပြင် အာရက္ခတပ်တော်(Arakan Army)က စစ်ကောင်စီကို ပြင်းပြင်း ထန်ထန် ထိုးစစ်ဆင်ပြီး ရခိုင်ပြည်နယ်တွင် မြို့များစွာ သိမ်းပိုက်နိုင်သည့် အတွက်လည်း ဝမ်းသာ ဂုဏ်ယူပါကြောင်း၊ သို့ရာတွင် အာရက္ခတပ်တော် (Arakan Army) အနေဖြင့် ချင်းပြည်အရေးနှင့် ချင်းလူမျိုးများ၏ နိုင်ငံရေးကိစ္စတွင် ဝင်ရောက်စွက်ဖက်ခြင်းကို အမြန်ဆုံး ရပ်တန့်ပါရန် အလေး အနက် တောင်းဆိုပါကြောင်း ဖော်ပြထားသည်။

ဇူလိုင် ၁၉ ရက်နေ့က ချင်းပြည်အစိုးရ၏ သဘောထား ထုတ်ပြန်ချက်တွင် အာရက္ခတပ်တော်နှင့် ပတ်သက်ပြီး ရေးသားရာ၌ ထိုသို့  ဖော်ပြထားခြင်းဖြစ်သည်။

ထုတ်ပြန်ချက်ထဲတွင် “ ချင်းပြည်(Chinland) အစိုးရသည် ဘုံရန်သူဖြစ်သည့် စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်နေချိန် တွင် အာရက္ခတပ်တော် (Arakan Army)အနေဖြင့် ချင်းပြည် နယ်နိမိတ်အတွင်း စစ်ရေး၊ နိုင်ငံရေးအရ ဝင်ရောက်ကျူးကျော်နေသဖြင့် တိုင်းရင်းသား အချင်းချင်းကြား မလိုလား အပ်သည့် ထိတွေ့တိုက်ပွဲများ ဖြစ်နေသည့်အတွက် လွန်စွာ စိတ်မကောင်း ဖြစ်ရပါကြောင်း၊ ယင်း ဖြစ်ရပ်သည် ချင်းသမိုင်းတွင် အဆိုးဝါးဆုံး အတွေ့အကြုံတစ်ခု ဖြစ်ပါကြောင်း၊  အာရက္ခတပ်တော်  (Arakan Army)အနေဖြင့် ချင်းအမျိုးသားများ ကြိုးပမ်းနေသည့် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးတို့ကို လေးစားအသိအမှတ်ပြုသင့်ပါကြောင်း”  ဖော်ပြထားသည်။

၎င်းပြင် “ ချင်းပြည် (Chinland) အစိုးရသည် တိုင်းရင်းသားလူမျိုးပေါင်းစုံ၏ အမျိုးသားတန်းတူရေး နှင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးအတွက် တော်လှန်တိုက်ပွဲဝင်နေသော အစိုးရဖြစ်သည်နှင့်အညီ ရခိုင်လူမျိုးတို့၏ အမျိုးသားတော်လှန်ရေးကိုလည်း အစဉ်အမြဲ အားပေးထောက်ခံခဲ့ပါကြောင်း”  ဖော်ပြထားသည်။

၎င်းပြင် ချင်းပြည် (Chinland) အစိုးရသည် ချင်းလူမျိုးများ၏ အသက်အိုးအိမ်၊ စည်းစိမ်နှင့် ချင်းပြည်ကို ကာကွယ်ရန် ဖွဲ့စည်းထားသော အစိုးရဖြစ်သည်။ ချင်းပြည် (Chinland) အစိုးရ၏ နိုင်ငံရေးဦးတည်ချက်သည် တိုင်းရင်းသား လူမျိုးအားလုံး ၏အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများကို အာမခံချက်ပေးနိုင်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးဖြစ်ပါကြောင်း၊ ချင်းပြည် (Chinland) အစိုးရသည် ပြည်သူလူထုတရပ်လုံး၏ ဘုံရန်သူဖြစ်သော အကြမ်း ဖက်စစ်ကောင်စီကို အမြစ်ဖြတ်တိုက်ခိုက်ချေမှုန်းရန် ရည်မှန်းချက် တူညီသော မည်သည့် အဖွဲ့ အစည်း၊ မည်သည့် လူမျိုး၊ မည်သည့်အစိုးရနှင့်မဆို လက်တွဲ၍ တိုက်ပွဲဝင်ရန် သန္နိဋ္ဌာန် ချထားပါကြောင်း၊  ကမ္ဘာ့ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအစိုးရနှင့် အဖွဲ့အစည်းများ၏ အကူ အညီကိုလည်း လိုအပ်သလိုရယူသွားမည်ဖြစ်ပါကြောင်း ဖော်ပြသည်။ 

ချင်းအမျိုးသားသွေးစည်းညီညွတ်ရေးနှင့် ချင်းပြည်တည်ဆောက်ရေးကို တစိုက်မတ်မတ် ဆောင်ရွက်နေချိန်တွင် ချင်းအမျိုးသားအချင်းချင်းအကြား သွေးစည်းညီညွတ်ရေးကို ပျက်ပြား စေမည့် လုပ်ရပ်နှင့် သွေးချောင်းစီးမှု ဖြစ်ပေါ်စေမည့် လုပ်ရပ်ကို လုံးဝ (လုံးဝ) လက်ခံမည် မဟုတ်သည့် အပြင်လုပ်ဆောင်မည်လည်းမဟုတ်ပါ။ ထို့ကြောင့် ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ အချို့ဖြင့် စုဖွဲ့ထားသော ချင်းညီနောင် အမည်ခံအဖွဲ့ဝင်များကို ယနေ့အထိ စတင်တိုက်ခိုက် ပစ်ခတ်ခြင်း လုံးဝ မပြုလုပ်ခဲ့ပါဟု သဘောထား ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ချင်းပြည် (Chinland) အစိုးရသည် ဘုံရန်သူ စစ်ကောင်စီနှင့် ချင်းပြည်အား ကျူးကျော် နေသော ရန်သူမှန်သမျှကို ဆက်လက်တွန်းလှန် တိုက်ခိုက်သွားမည် ဖြစ်သောကြောင့် ချင်းပြည် (Chinland) အစိုးရ၏ တပ်ဖွဲ့ဝင်များဖြစ်သော ချင်းအမျိုးသားတပ်မတော် (Chin National Army) နှင့် ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့များ (Chinland Defence Forces) အနေဖြင့် အမျိုးသားရေး အတွက် လက်တွဲညီညီဖြင့် ပူးပေါင်း တိုက်ပွဲဝင်သွားမည်ဖြစ်သည့်အတွက် မည်သူမျှ ချင်းအမျိုး သားရေးကို သစ္စာမဖောက်စတမ်း အောက်ချင်းငှက်သစ္စာဖြင့် လက်တွဲတိုက်ပွဲဝင်ကြရန် တိုက် တွန်းအပ်ပါသည်။ သို့ဖြစ်ပါ၍ ချင်းပြည်(Chinland)အစိုးရအနေဖြင့် ချင်းပြည်သူတရပ်လုံးအား မေတ္တာရပ်ခံ ပန်ကြားလိုသည်မှာ ချင်းပြည်(Chinland)အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများသည် ဘုံရန်သူ ဖြစ်သည့် စစ်ကောင်စီနှင့် ချင်းပြည်(Chinland)နယ်နိမိတ်ကို ကျူးကျော်နေသူများအား တိုက်ခိုက် ခြင်းသာဖြစ်ပြီး ချင်းအမျိုးသား အချင်းချင်းကြားတိုက်ပွဲများ ဖြစ်ပွားနေသယောင် ဝါဒဖြန့်မှုများ အပေါ် ချင်းပြည်သူများအနေဖြင့် နားမယောင်မိစေရန် တိုက်တွန်းထားသည်။

ထို့ကြောင့် ချင်းအမျိုးသားအားလုံး၏ အမျိုးသားနိုင်ငံရေးနှင့် ချင်းပြည် (Chinland) နယ်နိမိတ် တည်တံ့ခိုင်မြဲ ရေးတို့ကို စော်ကားထိပါးနေသည့် လုပ်ရပ်မှန်သမျှအား အမျိုးသားရေးတာဝန်တရပ် အနေဖြင့် ခံယူကာ အဆုံးတိုင် ဝိုင်းဝန်း တိုက်ထုတ်ကြရန် ကြေညာချက် ထုတ်ပြန်အပ်ပါသည်ဟု ဖော်ပြပါရှိသည်။


ဆက်စပ် သတင်းများ