သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

စစ်ပွဲအတွင်း အပြစ်မဲ့သေဆုံးခဲ့ရသည့် ရခိုင်တိုင်းရင်းသားများအတွက် ရည်စူး၍ ရခိုင်၆ မြို့နယ်တွင် ANP Youth Wing မှ သစ်ပင်စိုက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ စက်တင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 4.6k

ချစ်အိလှိုင်
နိရဥ္စရာ၊ စက်တင်ဘာ ၁၆/၂ဝ၁၉

စစ်ပွဲအတွင်း အပြစ်မဲ့သေဆုံးခဲ့ရသည့် ရခိုင်တိုင်းရင်းသားများအတွက် ရည်စူးပြီး ရခိုင်အမျိုးသားပါတီ (ANP Youth Wing) မှ သစ်ပင်စိုက်ပွဲကို ရခိုင်ပြည်နယ်  မြို့နယ် ၆ ခုတွင်  စက်တင်ဘာ ၁၅ ရက်နေ့က တစ်ပြိုင်တည်း ပြုလုပ်ခဲ့ကြသည်။

ပြုလုပ်ခဲ့သည့် မြို့နယ်များမှာ စစ်တွေ၊ ပေါက်တော၊ ကျောက်တော်၊ သံတွဲ ၊ တောင်ကုတ်နှင့် ပုဏ္ဏားကျွန်းတို့ဖြစ်ကြပြီး ယမန်နေ့  နေ့လယ် ၂ နာရီတွင် တပြိုင်တည်း စိုက်ပျိုးခဲ့ကြသည်ဟု ရခိုင်အမျိုးသားပါတီ ANP Youth Wing မှ ဒုတိယခေါင်းဆောင် ကိုဆန်းဌေးမောင်ကပြောသည်။

“ တိုက်ပွဲ အတွင်းမှာ အပြစ်မဲ့ သေဆုံးသွားတဲ့ ကျနော်တို့ ရခိုင်တိုင်းရင်းသားတွေ စုစုပေါင်း ဒီနေ့အထိ ၆၅ ယောက်ရှိသွားပါပြီ။ သူတို့အတွက် ရည်ရွယ်ပြီး စိုက်ကြ တာပါ။ သစ်ပင် စိုက်ရတာကတော့ ဒီကနေ့ ကျနော်တို့ရဲ့တိုင်းရင်းသားတွေ အပြစ်မဲ့ သေဆုံးသွားရပေမယ့် ကျနော်တို့ရဲ့စိတ်မှာ ဘယ်တော့မှ သူတို့ မသေဆုံးပါဘူး။ သစ်ပင်လေးတွေ ရှင်သန်သလို သူတို့လည်း ရှင်သန်နေမှာပါ။ သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့အတွက်လည်း ရည်ရွယ်ပါတယ်” ဟု ကိုဆန်းဌေးမောင်က ပြောသည်။

လက်ရှိ ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော် (AA) နှင့် တပ်မတော်တို့ အကြား စစ်ဖြစ်နေသည်မှာ ၉ လ နီးပါးရှိလာပြီး သေဆုံးသူ အပြစ်မဲ့ပြည်သူ ၆၅ ဦး အထိ ရှိလာခဲ့ပြီဖြစ်ကြောင်း ၄င်းလူငယ်ခေါင်းဆောင်က ဆက်လက်ပြောကြားသည်။

သစ်ပင်စိုက်ပျိုးရာတွင်လာရောက်ကူညီသူ အမ်းမြို့နယ်မှ ကျောင်းသူ မမြင့်မြင့်ဌေး က ” စစ်ပွဲကြောင့်သေဆုံးခဲ့ သူတွေအတွက် ဝမ်းနည်းလို့ အခုလို လာရောက်ပြီး သစ်ပင်စိုက်ရာမှာ လာရောက် ကူညီတာပါ”ဟုပြောသည်။

စစ်တွေမြို့တွင် အဆိုပါ သစ်ပင်များအား ရွှေပြည်သာကျေးရွာနှင့် ဗျိုင်းဖြူရွာ ကျေးရွာ အကြားကားလမ်းမတွင် စိုက်ပျိုးခဲ့ကြသည်။ သစ်ပင်များမှာ နှစ်ရှည်ပင် သစ်ပင်များဖြစ်ကြပြီး ယနေ့တွင် ၆၅ ပင်တိတိ စိုက်ပျိုးမည်ဟု ၄င်းတို့က ပြောသည်။

သစ်ပင်စိုက်ပွဲအား ရခိုင်အမျိုးသားပါတီမှ ANP Youth Wing မှ လူငယ်များ အပြင် တက္ကသိုလ်မှ ကျောင်းသား/သူ များနှင့် စိမ်းပြာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့မှ လူငယ်များလည်းပါဝင်ခဲ့ကြကြောင်းသိရသည်။

ဆက်စပ် သတင်းများ