သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

(၂၃၅) နှစ်မြောက် ရခိုင့်အချုပ်အချာအာဏာကျဆုံးနေ့တွင် ”သွီးမျက်ရည်နှင့် ဝိဥာဉ်များ” ကဗျာရွတ်ပွဲ ကျင်းပမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ ဒီဇင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 8.2k

ချစ်အိလှိုင်(စစ်တွေ)
နိရဥ္စရာ၊ ဒီဇင်ဘာ ၃ဝ/၂ဝ၁၉

ဒီဇင်ဘာ ၃၁ ရက်နေ့တွင် ကျရောက်သည့် (၂၃၅) နှစ်မြောက် ရခိုင့်အချုပ်အချာအာဏာကျဆုံးခြင်း ဝမ်းနည်း အောက်မေ့ဖွယ်နေ့တွင် “ သွီးမျက်ရည်နှင့် ဝိဥာဉ်များ” ကဗျာရွတ်ပွဲကို ANP Youth Wing (ရခိုင်အမျိုးသားပါတီ လူငယ်) က ဦးဆောင်၍  ပြုလုပ် ကျင်းပသွားမည်ဟု သိရသည်။

၄င်းအောက်မေ့ဖွယ်အခမ်းအနားကို  ဒီဇင်ဘာ ၃၁ ရက်နေ့ ညနေ ၆နာရီ တွင် စစ်တွေမြို့၊ လမ္မတော်တောင်ရပ်ကွက်ရှိ၊ ရခိုင်အမျိုးသားပါတီ၊ ဗဟိုဌာနချုပ်ရုံး တွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

“ ရခိုင်လူမျိုးတွေရဲ့ အချုပ်အချာ ကျဆုံးတဲ့နေ့မှာ ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေနဲ့လုပ်မှာပါ။ ရခိုင်လူငယ်တွေကို ကိုယ့်ရခိုင်သမိုင်းနဲ့ပတ်သက်ပြီး သိစေချင်တယ်။ နှစ်သစ်ကြိုဆိုတဲ့နေ့လို့ သတ်မှတ်ပြီး ပျော်တဲ့လူငယ်တွေကိုလည်း အပြစ်မပြောပါဘူး။ ပျော်လို့ရပါတယ်။ ဒါပေမဲ့ ကိုယ့်လူမျိုးတွေရဲ့ ဝမ်းနည်းဖွယ် သမိုင်းတွေ ကိုတော့ မမေ့စေချင်လို့ပါ” ဟု ရခိုင်အမျိုးသားပါတီ လူငယ်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ကိုဆန်းဌေးမောင်က နိရဥ္စရာသတင်းဌာနအားပြောသည်။

ရခိုင့်အမျိုးသားပါတီ (လူငယ်)များဦးဆောင်ပြီး ရခိုင်လူမျိုးများ၏ အချုပ်အချာအာဏာ ကျဆုံးခြင်းအား ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ကျောင်းသားလူငယ်များ၊ ကဗျာဝါသနာရှင်များနှင့် ကဗျာဆရာများဖြင့် စုပေါင်း၍ ကဗျာရွတ်ဆိုသွားကြမည်ဖြစ်သည်။ 

ကဗျာရွတ်ဖတ်လိုသူများအား ဒီဇင်ဘာ၃၁ ရက်နေ့ မွန်းလွှဲ ၁၂နာရီတွင် ရခိုင်အမျိုးသားပါတီဗဟိုဌာနချုပ်ရုံးတွင် နောက်ဆုံးထား၍ စာရင်းပေးသွင်းရမည်ဖြစ်ပြီး ဝါသနာရှင် ရခိုင်လူငယ်များအား တတ်ရောက်စေချင်ကြောင်း လည်း သိရသည်။

ရခိုင်ပြည်သည် ယခင်က လွတ်လပ်သော ရခိုင်ဘုရင် အချုပ်အခြာ အာဏာပိုင် ဘုရင့်နိုင်ငံတော် တစ်ခုဖြစ်ခဲ့ပြီး ဗမာဘုရင် ဘိုးတော်ဦးဝိုင်းမှ ၁၇၈၄ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့ တွင် မြောက်ဦးကို ဝင်ရောက်သိမ်းပိုက်ရာမှ ရခိုင်ဘုရင့်နိုင်ငံတော် ပျက်သုဉ်းခဲ့ရသည်။

မြောက်ဦးကို ၁၄၃ဝ တွင် ရခိုင်ဘုရင် မင်းစောမွန်က တည်ထောင်ခဲ့ပြီး နှစ်ပေါင်း ၃၅၄ နှစ်အကြာ  ရခိုင်တို့ နောက်ဆုံးမင်းဆက် မဟာသမ္မတရာဇာလက်ထက် ၁၇၈၄ ခုနှစ်တွင် ထီးနန်းပျက်သုဉ်းခဲ့ရသဖြင့် ဒီဇင်ဘာ ၃၁ ရက်နေ့ကို ရခိုင့်အချုပ်အချာအာဏာကျဆုံးခြင်း ဝမ်းနည်း အောက်မေ့ဖွယ်နေ့ အထိမ်းအမှတ်နေ့အဖြစ် ကျင်းပလာခဲ့ကြခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့ နန်း တော်ရာကုန်း၌ ရခိုင်ဘုရင့်နိုင်ငံတော် အချုပ်အခြာ အာဏာကျဆုံးသည့် (၂၃၃)နှစ်မြောက် အထိမ်းအမှတ် စာပေဟောပြောပွဲ ပြုလုပ်ရန်ကိစ္စနှင့်ပတ်သက်၍ တားမြစ် မှုအပေါ် မကျေနပ်သဖြင့် ၂ဝ၁၈ ဇန်နဝါရီ ၁၆ ရက် ညပိုင်းတွင် လူစုလူဝေးဖြစ်ပေါ်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များနှင့် ရုန်းရင်းဆန် ခတ်ဖြစ်ပွားရာမှ ခုနစ်ဦးသေဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့ ကြောင်း သိရှိရသည်။

----------------------------

Unicode


နိရဉ်စရာ၊ ဒီဇငျဘာ ၃ဝ/၂ဝ၁၉









ဆက်စပ် သတင်းများ