အင်္ဂါ၊ ဧပြီလ ၂၃ရက်၊ ၂၀၂၄

ကျောက်ဖြူအထူးစီးပွားရေးဇုန် လေ့လာစောင့်ကြည့်ရေးအဖွဲ့က ကျောက်ဖြူအထူးစီးပွားရေးဇုံ(SEZ) လက်မှတ်ရေးထိုးမည့်အစီအစဉ် ရပ်တန့်ထားရန် တောင်းဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ ဇန်နဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 3.2k

ချစ်အိလှိုင်
နိရဥ္စရာ၊ ဇန်နဝါရီ ၁၆/၂ဝ၂ဝ

ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူအထူးစီးပွားရေးဇုံနှင့်ပတ်သက်၍  မြန်မာ-တရုတ် နှစ်နိုင်ငံသဘောတူညီချက် လက်မှတ် ရေးထိုးမည့်အစီအစဉ်အား ရပ်တန့်ထားရန် အရပ်ဘက်အဖွဲ့အစည်း ၁၈ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ကျောက်ဖြူ အထူးစီးပွားရေးဇုန် လေ့လာစောင့်ကြည့်ရေးအဖွဲ့က ယနေ့တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်၍ တောင်းဆို လိုက်သည်။

အစိုးရအနေဖြင့် ကျောက်ဖြူအထူးစီးပွားရေးဇုံတည်ဆောက်မည်ဆိုပါက ကိုဖီအာနန်ကော်မရှင်အစီရင်ခံစာ အကြံပြုချက်ပါအတိုင်း SEZ(Strategic Environment Assessment) လက်မှတ်မရေးထိုးမီ  မဟာဗျူဟာမြောက် သဘာဝ ပတ်ဝန်းကျင် လေ့လာဆန်းစစ်မှုကို ပြုလုပ်ပေးရန်နှင့် တောင်းဆိုချက် များအား မလုပ်ဆောင်နိုင်သေးမီ  ကျောက်ဖြူအထူးစီးပွားရေးဇုံ လက်မှတ်ရေးထိုးမည်ဆိုပါက ဒေသတွင်းပဋိပက္ခကိုသာ ဦးတည်စေမည်ဖြစ်သည့် အတွက် ယခုလက်မှတ်ရေးထိုးမည့်အစီစဉ်အား ရပ်တန့်ထားရန် တောင်းဆိုထားသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ သမ္မတ မစ္စတာ ရှီကျင့်ဖျင်သည် မြန်မာနိုင်ငံသို့ ရောက်ရှိလာမည့် ဇန်နဝါရီ ၁၇နှင့် ၁၈ ရက်များတွင် ကျောက်ဖြူအထူးစီးပွားရေးဇုံ(SEZ)နှင့် ပတ်သက်၍ နေပြည်တော်တွင်  သဘောတူ လက်မှတ် ရေးထိုးမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးက အင်တာဗျူးတစ်ခုတွင် ပြောဆိုထားသည်။

SEZ နှင့်ပတ်သက်ပြီး တရုတ်-မြန်မာနှစ်နိုင်ငံလက်မှတ်ရေးထိုးကြမည်ဖြစ်သော်လည်း စီမံကိန်းနှင့် ပတ်သက်၍ ရပိုင်ခွင့်များနှင့်ဆိုးကျိုးများအား ပွင်းလင်းစွာချပြခြင်းမရှိသေးဘဲ အစိုးရမှ လုပ်ဆောင်နေခြင်းသာဖြစ်ကြောင်း ဒေသခံများကပြောသည်။

“ဒေသခံတွေကိုစီမံကိန်းနဲ့ပတ်သက်လို့ ပွင့်လင်းမြင်သာအောင်ချပြတာတွေမရှိသေးဘူး။ ဒေသခံတွေရဲ့မြေယာတွေ၊ သဘာဝဘေးအန္တရာယ်တွေ နဲ့ပတ်သက်လို့ရပိုင်ခွင့်တွေ၊ အစားထိုးလုပ်ငန်းတွေ စသဖြင့်ပေါ့။ SEZ နဲ့ပတ်သက်လို့လည်း လိုလားတဲ့လူတွေရှိသလို မလိုလားတဲ့လူတွေလည်းရှိတယ်။ မလိုလားတဲ့လူတွေက ပိုများတယ်။ မလိုလားလည်း ဒေသခံတွေမှာ တင်ပြစရာလူလည်း မရှိဘူး။ အစိုးရတွေနဲ့တွေ့ခွင့်ရမှတင်ပြရမှာလေ။ ရခိုင်ပြည်မှာ ဖြစ်နေတဲ့ စစ်ပွဲတွေကို ပြေလည်အောင်မဖြေရှင်းဘဲ ဒီလက်မှတ်ထိုးတာက စောနေသေးတယ်လို့မြင်တယ်” ဟု ရခိုင်သယံဇာတနှင့် သဘာဝပတ်ဝန်ကျင်ဆိုင်ရာကွန်ယက်မှ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က နိရဥ္စရာ သတင်းဌာနအားပြောသည်။

ကျောက်ဖြူအထူးစီးပွားရေးဇုံနှင့်ပတ်သက်၍ ဒေသခံပြည်သူများနှင့် ကျောက်ဖြူမြို့နယ် လွှတ်တော် ကိုယ်စားလှယ်များ အားလည်း ၄င်းနှင့် ပတ်သက်၍ပွင့်လင်းစွာချပြခြင်းမရှိသည့်အပြင် မည်သို့လုပ်ဆောင်နေကြောင်း အသိပေးမှုများလည်း မရှိကြောင်း ကျောက်ဖြူမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးစံက ပြောသည်။

“အစိုးရက တရားဝင် ပွင့်လင်းမြင်သာစွာမကြေညာဘူး။ SEZ နဲ့ပတ်သက်လို့ ဒီမှာက တစ်ခုမှ မသိရဘူး။ ကျောက်ဖြူရေနက်ဆိပ်ကမ်းအတွက် MOU လက်မှတ်ထိုးမယ်လို့တော့ကြားမိတယ်။  ခရိုင်အုပ်ချုပ်ရေးမှူးကိုသွားမေးတော့လည်း သူတို့တစ်ခုမှမသိဘူးလို့ပြန်ဖြေတယ်။ အဓိက အစိုးရက မြေပြင်ကို ကွင်းဆင်းပြီး အကောင်ထည်ဖော်မဲ့ နေရာတွေမှာ ကျေးရွာသားတွေနဲ့လာရောက်တွေ့ဆုံရမယ်အမှန်က။ အဲလိုတွေ့ဆုံမှုမရှိရင် တစ်စုံတစ်ရာ ပြဿနာ ဖြစ်လာရင် သူမသိ ငါမသိဆိုပြီး ဖြစ်လာမယ်လို့ထင်တယ်” ဟု ပြောသည်။

 “SEZ နဲ့ ပတ်သက်လို့ ဒေသခံတွေ၊ သာမန်လူတွေက ဘာမှ သိပ်မသိဘူး။ အဖွဲ့အစည်းတွေ ပါတီတွေလောက်ပဲသိတာ။ ပါတီတွေတောင် အဲလောက်မသိဘူး။ ပါတီတွေအနေနဲ့လည်း ငြင်းဆိုတာတွေမရှိသလို ထောက်ခံတာလည်းမရှိဘူး။ ရခိုင်ဒေသခံတွေအနေနဲ့တော့ ခံစားရမဲ့ဟာထက် နစ်နာရမဲ့ဟာက ပိုများမှာတော့ စိုးရိမ်စိတ်ရှိကြတယ်”ဟု ကျောက်ဖြူမြို့နယ် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှ ဥက္ကဋ္ဌ ဦးထွန်းလွင်က ပြောသည်။

ကျောက်ဖြူအထူးစီးပွားရေးဇုံစီမံခန့်ခွဲမှုကော်မတီအနေဖြင့် တရုတ် CITIC Group ကုမ္ပဏီ၊ မြန်မာအများပိုင် ကုမ္ပဏီ MKSHC တို့နှင့်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကာ စီမံကိန်းအား အဆင့်လေးဆင့်ဖြင့် အထူး စက်မှုဇုံစီမံကိန်း၊ ဟော်တယ်ဇုံစီမံကိန်း၊ ဆိပ်ကမ်းစီမံကိန်းနှင့် အိုးအိမ်ဖွံ့ဖြိုးရေးစီမံကိန်းတို့ကို မြေဧက ၄၂၈၉.၃၂ တို့ဖြင့် ပြုလုပ်နေခြင်းဖြစ်ပြီး ၄င်းနှင့် ပတ်သက်၍ ဒေသခံများမှာ ရပိုင်ခွင့်နှင့်ဆိုးကျိုးများအားပွင့်လင်းမြင်သာစွာ ချပြမှုလိုလားနေကြောင်း ဒေသခံများမှ သိရသည်။

သဘောထား ထုတ်ပြန် ကြေညာချက်ထဲတွင် လက်ရှိကာလတွင် ရခိုင်ပြည်နယ်အတွင်း စစ်ရေးပဋိပက္ခကြောင့် ပြည်သူပေါင်း (၁) သိန်းကျော်ခန့်နေရပ်စွန့်ခွာကြရပြီး စစ်ဘေးရှောင်စခန်းများတွင် ခိုလုံရောက်ရှိနေကြရသည့် အချိန်ဖြစ်ကာလ ဖြစ်ကြောင်း၊  ကျောက်ဖြူမြို့နယ်နှင့် အမ်းမြို့နယ်အတွင်း ၂ဝ၁ဝ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့သည့် ဂစ် ပိုက်လိုင်းနှင့် ရေနံပိုက်လိုင်း စီမံကိန်းတွင် အစိုရအနေဖြင့် မဖြေရှင်းနို်င်သေးသော မြေယာဆိုင်ရာပြဿနာရပ်များစွာ ကြုံတွေ့ရပြီး ကုမ္ပဏီနှင့် အစိုးရအနေဖြင့် လက်ရှိ (၁ဝ)နှစ်ကြာလာသည်အထိ ဒေသခံများ၏ အခွင့်အရေးများကို လျစ်လျူရူထားပြီး ဒေသခံများသည်လည်း မိမိတို့ဏ အခွင့်အရေးများ ချိုးဖောက်ခံနေရဆဲဖြစ်သည်ကို ယခုအချိန်ထိ ကြုံတွေ့နေရကြောင်း၊  ကျောက်ဖြူ အထူးစီးပွားရေး ဇုန်နှင့်ပက်သက်၍ ရခိုင်ပြည်နယ် အကြံပေးကော်မရှင် (ကော်ဖီအာနန်ကော်မရှင်)၏ (Strategic Environment Assessment- SEA) ပြုလုပ်သင့်ကြောင်း အကြံပြုခဲ့သော်လည်း ယခုအချိန်ထိ အကောင်ထည်ဖော်ဆောင်ရွက်ခြင်းမရှိသည်ကို တွေ့ရှိရကြောင်းဖြင့်လည်း ဖော်ပြထားသည်။

----------------------

Unicode:


နိရဉ်စရာ၊ ဇနျနဝါရီ ၁၆/၂ဝ၂ဝ











ဆက်စပ် သတင်းများ