စနေ၊ စက်တင်ဘာလ ၁၄ရက်၊ ၂၀၂၄

ရသေ့တောင်တွင်မိုင်း‌ နင်းမိ၍နွားကျောင်းသွားသည့်အမျိုးသားတစ်ဦးခြေထောက်ပြတ်


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၀၁ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 1.7k

ရခိုင်ပြည် ရသေ့တောင်မြို့တွင် မိုင်းနင်းမိ၍ နွားကျောင်းသွားသည့် အမျိုးသားတစ်ဦး ခြေထောက်ပြတ်သွားကြောင်းသတင်းရရှိသည်။

‌မိုင်းနင်းမိ၍‌ ခြေထောက်ပြတ်သွားသူမှာ ရသေ့တောင်မြို့၊ အရှေ့မြောက်ရပ်ကွက်မှ အသက် ( ၅၇)နှစ်အရွယ် ဦးကိုးလ ဖြစ်ကြောင်းသိရသည်။

မိုင်းပေါက်ကွဲသည့်နေရာမှာ ရသေ့တောင်မြို့နယ်၊ ဇေယျသုခမဏ္ဍိုင်ဘုန်းတော်ကြီးကျောင်းနှင့် ပညာပါရမီ‌ ကျောင်းအကြား စစ်ကောင်စီ ချက်ပွိုင့်ရှိသည့် နေရာအနီးတွင်ဖြစ်ပြီး ယနေ့ဇန်နဝါရီ ၁ရက်နေ့ ညနေ ၃နာရီ၅၉မိနစ်ခန့်တွင် နွားကျောင်းနေစဉ်မိုင်းနင်းမိ၍ ခြေထောက်ပြတ်သွားသည်ဟု ရသေ့တောင်မြို့ခံတစ်ဦးကနိရဉ္စရာသတင်းဌာနကိုပြောသည်။

" သူက ဇေယျသုခမဏ္ဍိုင်ကျောင်းနောက်ဖက်လ စကစဖက်က ချက်ပွိုင့်တစ်ခုရှိတယ်။  အဲ့နားကလယ်ကွင်းမှာ နွားကျောင်းနေတုန်းနွားက ထွက်ပြေးသွားတာလိုက်ရင်းမိုင်းနင်းမိတာပါ" ဟုပြောသည်။

ဒဏ်ရာရရှိသည့်ဦးကိုးလ တွင် ဘယ်ဖက်ဒူး‌ ပြတ်သွားပြီးလက်ရှိတွင် ရသေ့တောင်မြို့ဆေးရုံကို ပို့ဆောင်ထားကြောင်း ရသေ့တောင်မြို့ခံ တစ်ဦးက နိဉ္စရာကိုပြောသည်။

" သူတို့မိသားစုကနွမ်းပါးကြပါတယ်။ ရသေ့တောင်မှာ တိုက်ပွဲဖြစ်ကတည်းက မြို့ကလူ တော်တော်များများက တိုက်ပွဲရှောင်နေကြပါပြီ။ လူအနည်းငယ်လောက်ပဲရှိတော့တယ်။ သူ့ခြေထောက်ကိုဖြတ်လိုက်ရပါတယ်။ခုဆေးရုံမှာဆေးကုသမှုခံနေရပါတယ်" ဟုပြောသည်။

အဆိုပါ စစ်ကောင်စီ ဂိတ်ချထားသည့် ဂိတ်တွင်  ၅၃၆၊၅၃၇နှင့်၅၃၈တပ်များမှ အလှည့်ကျစီ ကင်းချထားကြောင်းမြို့ခံများကပြောသည်။

မြေမြှုပ်မိုင်းနှင့် ထပ်ဆင့်ပေါက်ကွဲစေသော လက်နက်ပစ္စည်းများ စောင့်ကြည့် လေ့လာရေးအဖွဲ့ ( Landmine & Cluster Munition Monitor) ရဲ့ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့်၂၀၂၂ ခုနှစ်က မြေမြုပ်မိုင်းကြောင့် သေဆုံးသူ ၃၈၄ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၁၂၄ ဦးရှိ‌ ကြောင်းသိရသည်။

ရခိုင်ပြည်တွင် ၂၀၁၈ ကနေ ၂၀၂၃ ခုနှစ်ထိ မြေမြုပ်မိုင်း‌ နင်းမိ၍ သေဆုံးသူ ၇၆ ယောက်နှင့် ၂၀၂၃ ခုနှစ်တွင် ၈ယောက်ရှိကြောင်း  ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး (REC) ၏ စာရင်းအရ သိရသည်။ (NN-11) 

ဆက်စပ် သတင်းများ