ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

စစ်တွေမြို့လုံးကျွတ် ရခိုင်ရိုးရာသက်ကြီးပူဇော်ပွဲကို နှစ်ဆန်းတစ်ရက်နေ့တွင်စဉ်လာမပျက်ကျင်းပမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ ဧပြီ ၂၀၂၁
  • | ကြည့်ရှုသူ: 3k

ဇွဲဓန(ကိန်းသာမြေ)

နိရဉ္စရာ၊ ဧပြီလ ၂ / ၂၀၂၁

နှစ်စဉ် နှစ်ဆန်းတစ်ရက်နေ့တွင် ကျင်းပသည့် စစ်တွေမြို့လုံးကျွတ် ရခိုင်ရိုးရာသက်ကြီးပူဇော်ပွဲကို ယခုနှစ်တွင်လည်း စဉ်လာမပျက် ကျင်းပ သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့်နှစ်က ကိုဗစ်ရောဂါကြောင့် နှစ်စဉ်ကျင်းပနေကျ ပုံစံအတိုင်း မကျင်းပခဲ့ရသော်လည်း ယခုနှစ်တွင် ယခင်နှစ်များအတိုင်း စဉ်လာမပျက် ကျင်းပသွားမည်ဟု သက်ကြီးပူဇော်ပွဲ ကျင်းပရေး ကော်မတီဥက္ကဋ္ဌ ဦးစံညွန့်က ပြောသည်။

ပူဇော်မှာက အသက် ၈၀ အထက် ဖြစ်တယ်။ စစ်တွေမြို့အတွင်း မြို့ပေါ်ရပ်ကွက် ၃၅ ရပ်ကွက်ကို ရပ်ကွက် အလိုက်သွားပြီး ပူဇော်မှာဖြစ်တယ်။ ရပ်ကွက်တစ်ခုရဲ့ အဆောက်အဦးမှာ အဘိုးအဘွားတွေကို စုစည်းပြီးထားမယ်။ ကျနော်တို့က အဲဒီကိုသွားပြီး ပူဇော်မှာ ဖြစ်တယ်။ ဓမ္မာရုံတွေနဲ့ စာသင်ကျောင်းတွေလို အဆောက်အဦးမျိုးပေါ့ဟု၎င်းက ဆိုသည်။

 စစ်တွေမြို့ပေါ်က အသက် ၈၀ နှင့်အထက် သက်ကြီးအဘိုးအဘွား ဦးရေ ၁၁၁၀ ဦးရှိပြီး  ၄င်းအထဲတွင် အဘိုးဦးရေ ၃၂၈ ဦးနှင့် အဘွား ဦးရေ ၇၈၂ ဦးတို့ဖြစ်ကြောင်း၊ ရခိုင်နှစ်ဆန်းတစ်ရက်နေ့ ဧပြီ ၁၇ ရက်နေ့တွင် ပူဇော်ကန်တော့သွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

 အဘိုးအဘွားတွေကို ပူဇော်ဖို့က တစ်ဦးကို ဘယ်လောက်ထားပြီး ပူဇော်သွားမှာကို အခုတော့ မသတ်မှတ်ရသေးဘူး။ အလှူငွေတွေနဲ့ လှူဖွယ်ဝတ္ထုပစ္စည်းတွေလည်း ကောက်ခံနေတယ်။ ပြီးတော့ ရခိုင်ရိုးရာအကတွေနဲ့ ဖျော်ဖြေသွားဖို့ရှိတယ်။ ကျနော်တို့က ဒီသက်ကြီးပူဇော်ပွဲကို မြန်မာ/ရခိုင် နှစ်ဆန်း တစ်ရက်နေ့မှာ ကျနော်တို့က ပူဇော်တာဖြစ်တယ်။ ဒီသက်ကြီးပူဇော်ပွဲကို ပြုလုပ် ကျင်းပလာတာ အခုဆို ၅၇ ကြိမ်မြောက်ဖြစ်တယ်။ မနှစ်ကတော့ ကိုဗစ် ၁၉ ကြောင့် အိမ်တိုင်းယာရောက် သွားပြီးပူဇော်ခဲ့တယ်ဟု ပြောသည်။

ရခိုင်အမျိုးသားတို့သည် သင်္ကြန်အခါကာလပြီးဆုံးပြီး နှစ်ဆန်းတစ်ရက်နေ့တွင် သက်ကြီးရွယ်အိုများအား လှူဖွယ်ပစ္စည်းများဖြင့် ပူဇော် ကန်တောမှုများ ပြုလုပ်လေ့ရှိသည့်အပြင် အဘိုးအဘွားများအား အမွေးနံ့သာများဖြင့် ရေချိုးပေးခြင်း၊ ခေါင်းလျှော်ခြင်း၊ ခြေသည်း လက်သည်းများကို သန့်ရှင်းစင်ကြယ်အောင် ပြုခြင်းများကို ပြုလုပ်ပေးလေ့ရှိကြောင်း သိရှိရသည်။

သက်ကြီးပူဇော်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လှူဖွယ်ဝတ္ထုပစ္စည်းများ၊ အလှူငွေများကို   လှူဒါန်းလိုသော ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ၊ အဝေးရောက် ရခိုင်သူ/ရခိုင်သားအနေဖြင့်လည်း ပွဲကျင်းပရေးကော်မတီမှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူး၊ တွဲဖက် ဘဏ္ဍာရေးမှူးများထံသို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

 

ဓာတ်ပုံ-မြို့လုံးကျွတ် ရခိုင်ရိုးရာသက်ကြီးပူဇော်ပွဲ facebook page

ဆက်စပ် သတင်းများ