သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

နှစ်ဆန်းတစ်ရက် စစ်တွေမြို့လုံးကျွတ် ရခိုင်ရိုးရာသက်ကြီးပူဇော်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ ဧပြီ ၂၀၂၁
  • | ကြည့်ရှုသူ: 5.1k

သျှင်မင်းဇံ၊ အောင်လင်းထွန်း
နိရဉ္စရာ၊ ဧပြီ ၁၈ / ၂၀၂၁
နှစ်စဉ် နှစ်ဆန်းတစ်ရက်နေ့တွင် ကျင်းပသည့် စစ်တွေမြို့လုံးကျွတ် ရခိုင်ရိုးရာသက်ကြီးပူဇော်ပွဲကို ဧပြီလ ၁၇ ရက်နေ့က စစ်တွေမြို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
ယခုနှစ်ကျင်းပသည့် သက်ကြီးပူဇော်ပွဲမှာ (၅၇) ကြိမ်မြောက်ဖြစ်ပြီး အသက်(၈၀) နှစ်အထက် သက်ကြီးရွယ်အို ဘိုးဘွား (၁၁၂၈) ဦးအား စစ်တွေမြို့ဘိုးဘွားရိပ်သာအပါအဝင် မြို့ပေါ်ရပ်ကွက် အသီးသီးတွင် အခမ်းအနားပြုလုပ်ပြီး စစ်တွေမြို့သူ မြို့သားများက ပူဇော်ကန်တော့ခဲ့ကြသည်ဟု သိရသည်။
ရခိုင်ရိုးရာ သက်ကြီးပူဇော်ပွဲဖြစ်မြောက်ရေးကော်မတီ ဒုဥက္ကဋ္ဌ ဦးကျော်ဇံမောင်က “အတိုင်းမသိ ဝမ်းသာပီတိဖြစ်မိပါတယ်။ အရင်နှစ်က ကိုဗစ်ကြောင့် အခုလိုမျိုး မပူဇော်လိုက်ရဘူးလေ။ အခုက ရခိုင်ပြည်နယ် အခြေအနေကလည်း နည်းနည်းတော့ သာယာအေးချမ်းမှုရှိတဲ့အတွက် ရပ်ကွက်တိုင်းကို သွားရောက်ပူဇော်ရတဲ့အတွက် အရမ်းဝမ်းသာပီတိဖြစ်မိပါတယ်” နိရဉ္စရာ သတင်းဌာနကို ပြောသည်။
ပြီးခဲ့သည့်နှစ်က ကိုဗစ်ကြောင့် နှစ်စဉ်ကျင်းပနေကျ ပုံစံအတိုင်း မကျင်းပခဲ့ရဘဲ အိမ်တိုင်ရာရောက်သာ သွားရောက်ကန်တော့ခွင့်ရခဲ့ကြပြီး ယခုနှစ်တွင် ယခင်နှစ်များအတိုင်း စဉ်လာမပျက် ကျင်းပခွင့်ရခဲ့သည်ဟု သိရသည်။
(၅၇) ကြိမ်မြောက် စစ်တွေမြို့လုံးကျွတ် ရခိုင်ရိုးရာသက်ကြီးပူဇော်ပွဲမှာ သက်ကြီးအဘိုးအဘွားများကို ရခိုင်လူငယ်များက “နန်းဆန်း မြိုင်ဆိုင်း ပြည်ရခိုင်” ယိမ်းအကဖြင့် ကပြပူဇော်ကန်တော့ခဲ့သည်။
သက်ကြီးပူဇော်ပွဲမှာ နှစ်စဉ် နှစ်ဆန်းတစ်ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ရိုးရာ အစဉ်အလာ ကောင်းမြတ်သော ပူဇော်ပွဲတစ်ခုဖြစ်ပြီး ရခိုင်ပြည်နယ် မြို့တိုင်းရွာတိုင်းတွင် အစဉ်အလာမပျက် ကျင်းပပြုလုပ်ကြသည်။
(ဓာတ်ပုံ- ရခိုင်လူငယ်များက “နန်းဆန်း မြိုင်ဆိုင်း ပြည်ရခိုင်” ယိမ်းအကဖြင့် ကပြပူဇော်ကန်တော့နေသည့် မြင်ကွင်း)

ဆက်စပ် သတင်းများ