သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ရမ်းဗြဲ ရမ္မာဝတီရိုးရာလှီပြိုင်ပွဲ အောင်မြင်စွာကျင်းပပြီးစီး၊ လူပေါင်းသောင်းချီပါဝင်ဆင်နွှဲ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၁ မေ ၂၀၂၁
  • | ကြည့်ရှုသူ: 3.9k

က်အောင်

နိရဉ္စရာ၊ မေ၃/၂၀၂၁

ရခိုင်ပြည်နယ်၊ရမ်းဗြဲမြို့နယ်လုံးဆိုင်ရာ ရမ္မာဝတီရိုးရာလှီပြိုင်ပွဲမှာ မေ ၃၀ ရက်နေ့က အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီးဖြစ်ကြောင်းနှင့် ပွဲတော်တွင် လူပေါင်းသောင်းနှင့်ချီပြီ ပါဝင်ဆင်နွှဲခဲ့သည်ဟု သတင်းရရှိသည်။


လှီပြိုင်ပွဲ (ပြိုင်လောင်းပွဲ)တွင် အတော်ဆုံးအသင်းများနှင့် သာမန်အသင်းများကို အဆင့် နှစ်ဆင့် သတ်မှတ်ကာ  ပထမတန်းနှင့် ဒုတိယတန်းဟု  နှစ်ဆင့်ခွဲ၍ ယှဉ်ပြိုင်စေခဲ့ရာ ပထမတန်း  ပြိုင်ပွဲဝင် အသင်း (၈) သင်းနှင့် ဒုတိယတန်းအဆင့်တွင် (၁၁) သင်း စုစုပေါင်း (၁၉) သင်းပါဝင်ယှဉ်ပြိုင်ခဲ့သည်။


ပထမတန်းအဆင့် ပြိုင်ပွဲတွင် ပထမဆုကို ကျက်သရေ ရွာက ရရှိပြီး ဒုတိယဆုကို ရမ်းဗြဲမြို့ပေါ် ရပ်ကွက်ကင်းတဲက ရရှိကာ တတိယဆုကို မရွတ်ချိန်ကျေးရွာ ဆွတ်ခူး ရရှိသွားခဲ့သည်ဟု သိရသည်။

ဒုတိယတန်း၌ အောင်ဆိပ်ရပ်ကွက်အသင်းက ပထမ၊ ပတင်းစုရပ်ကွက်က ဒုတိယဆုနှင့် တန်းနားပြင်ရပ်ကွက်က တတိယဆု စသည်ဖြင့် အသီးသီးရရှိသွားခဲ့သည်။


ပထမတန်းအဆင့်ရှိ ပထမဆုကို ရရှိသည့် အသင်းကို ကျပ်ငွေ(၇) သိန်း၊ ဒုတိယဆု ကျပ်(၆) သိန်း၊ တတိယဆု ကျပ်(၅) သိန်းနှင့်  ဒုတိယတန်းအဆင့်တွင် ပထမဆုရရှိသည့်အသင်းကို ကျပ်ငွေ (၆) သိန်း၊ ဒုတိယဆု ကျပ်(၅) သိန်း၊ တတိယဆု ကျပ်(၄) သိန်းအသီးသီးချီးမြင့်ခဲ့ကြောင်း၊ ဆုငွေ စုစုပေါင်း (၃၃) သိန်းချီးမြင့် ကြောင်း ရမ်းဗြဲမြို့၊ ရမ္မာဝတီလှီလှော်ပြိုင်ပွဲ ကျင်းပရေးကော်မတီဝင် ကိုထွန်းနိုင်က ပြောကြားသည်။

“ ကျနော်တို့ကတော့ စစဦးဆုံးမှာ ဒီလောက်ထိစည်ကားမယ်လို့လည်း မထင်ထားဘူး။ ပရိတ်သတ် အားလုံးပေါင်းက (၃) သောင်း ဝန်းကျင်လောက်လာပြီး အားပေးကြတယ်။ ပွဲကျင်းပဖို့အတွက် ငွေကြေးကလည်းမလုံလောက်ဘူး။ ချေးငှားပြီးတော့ ပွဲဖြစ်မြောက်အောင် လုပ်ကြတယ်။ ပထမမှာတော့ လုပ်နိုင်မှာမဟုတ်ဘူးဆိုပြီးစဉ်းစားတယ်။ နောက်တော့လည်း ဖြစ်မြောက်သွားတာပေါ့။ ဒါကြောင့် နောက်နှစ်တွေမှာလည်း ဆက်တိုက်လုပ်သွားဖို့ ဆုံးဖြတ်ထားပါတယ်။ ဒီလိုမျိုး ကိုယ့်ရိုးရာ လှီလှော်ပြိုင်ပွဲ အောင်အောင်မြင်မြင်ပြီးသွားတော့ ဝမ်းသာပီတိဖြစ်မိပါတယ်” ဟု ဆိုသည်။


ရမ်းဗြဲ ရမ္မာဝတီရိုးရာလှီပြိုင်ပွဲကို ရမ်းဗြဲမြို့လယ်ချောင်းတွင်  မေ ၂၇ ရက်နေ့မှ မေ ၃၀ ရက်နေ့ ထိ ရက်တိုင်တိုင် ကျင်းပခဲ့ပြီး မေ ၃၀ ရက် နေ ၄ နာရီတွင်  ကျင်းပပြီးစီးခဲ့သည်ဟု ဆိုသည်။

ရမ်းဗြဲမြို့၊ ရမ္မာဝတီလှီလှော်ပြိုင်ပွဲကို နှစ်စဉ် ကျင်းပနိုင်ရန် ရည်ရွယ်ထားပြီး  ရခိုင်လူထု တစ်ရပ်လုံး အားပေးအားမြောက် ပြုသင့်ကြောင်း ကျင်းပရေးကော်မတီဝင် ကိုထွန်းနိုင်က ပြောဆိုသည်။

“ ဒါကတော့ ရမ်းဗြဲဒေသရဲ့ ရိုးရာတစ်ခုပါ။ ရေရှည်တည်တံ့ရေးအတွက်ကတော့ ငွေကြေးက အဆင်မပြေဘူး။ ရှာကြံရမှာပေါ့။ ဒီပုံစံအတိုင်းဆက်သွားရင်တော့ ဒီရိုးရာဓလေ့ကို ထိန်းသိမ်းဖို့ အတွက် လုံးဝအဆင်မပြေနိုင်ပါဘူး။ ဒေသတစ်ခုရဲ့ ရိုးရာတစ်ခုကို ထိန်းသိမ်းဖို့ကတော့ ဒေသက လူတွေအပြင် နောက်ထပ်စိတ်ဝင်စားတဲ့သူတွေနဲ့ ရိုးရာဓလေ့ကို စိတ်ဝင်စားတဲ့ ရခိုင်လူထု တစ်ရပ်လုံးက အားပေးအားမြောက်မှုတွေလည်း ကျနော်တို့ အများကြီး လိုအပ်ပါတယ်။ ရိုးရာ တစ်ခုပျောက်သွားရင်တော့ သမိုင်းတစ်ခုပျောက်သွားသလိုပါပဲ” ဟု ကိုထွန်းနိုင်က ဆက်ပြောသည်။

ရမ္မာဝတီရိုးရာ လှီပြိုင်ပွဲကို ရှေးရခိုင်မင်းများလက်ထက်ကတည်းက ကျင်းပလာခဲ့သည့် ရိုးရာပွဲတော် တစ်ခုဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်ကစပြီး ပွဲကျင်းပမှုရပ်တန့်သွားကာ သုံးနှစ်အကြာ ယခု ၂၀၂၁ ခုနှစ်မှာမှ ယခုကဲ့သို့ တခမ်းတနားနှင့် ပြန်လည်ကျင်းပနိုင်ခြင်းဖြစ်ကြောင်း သိရှိရသည်။

 

 

Photo- ရမ္မာဝတီရိုးရာလှီပြိုင်ပွဲ ကျင်းပရေးကော်မတီ

ဆက်စပ် သတင်းများ