သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

မြန်မာနိုင်ငံ၏ ပထမဆုံးပေါ်ထွန်းလာမည့် ဆရာတော်ဦးဥတ္တမပြတိုက် တည်ဆောက်နေမှု ငွေကြေးအခက်အခဲကြောင့် ရပ်နားထားရဆဲ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ ဇွန် ၂၀၂၁
  • | ကြည့်ရှုသူ: 3.9k

အောင်လင်းထွန်း၊ ဆောင်းဇာခြည်
နိရဥ္စရာ၊ ဇွန် ၉ / ၂ဝ၂၁
မြန်မာနိုင်ငံတွင် ပထမဆုံးပေါ်ထွန်းလာမည့် အာရှနေဝန်း ဆရာတော်အရှင်ဦးဥတ္တမပြတိုက်တည်ဆောက်နေမှုသည် ငွေကြေးလိုအပ်ချက်ကြောင့် ရပ်နားထားရဆဲဖြစ်သည်ဟု သိရသည်။
အဆိုပါပြတိုက်ကို ဆရာတော်အရှင်ဦးဥတ္တမငယ်စဉ်က သီတင်းသုံးနေထိုင်ခဲ့သည့် စစ်တွေမြို့ ရွှေစေတီဘုန်းတော်ကြီးကျောင်းတိုက်တွင် ပြီးခဲ့သည့် ၂ဝ၁၄-၂ဝ၁၅ ခုနှစ်မှစတင်ဆောက်လုပ်နေခြင်းဖြစ်ပြီး ပြတိုက်တစ်ခုလုံးပြီးစီးရန် ကျပ်သိန်း ၁ ထောင်ခန့် လိုအပ်နေသေးသည်ဟု ကျောင်းထိုင်ဆရာတော် ဦးအရိယဝံသက နိရဥ္စရာကိုမိန့်သည်။
“ဆရာတော်ဦးဥတ္တမပြတိုက်ကတော့ ၆၀ ရာခိုင်နှုန်းလောက်တော့ပြီးနေပြီ။ သိန်းတစ်ထောင်နဲ့ နှစ်ရာလောက်တော့ ကုန်နေပြီ။ ၄၀ ရာခိုင်နှုန်းလောက်ကျန်သေးတယ်။ အင်ဂျင်နီယာရဲ့တွက်ချက်မှုအရဆိုရင် ကျပ်သိန်း ၇၀၀/ ၈၀၀ / ၁၀၀၀ နီးပါးလောက်တော့ ကုန်အုံးမယ်။ အဲဒီပိုက်ဆံ အလှူငွေရမှ ဘုန်းဘုန်းတို့ ပြတိုက်ပုံစံပေါ်လာမှာပေါ့”ဟု မိန့်သည်။
ရခိုင်လူမျိုးများအနေနှင့် ဆရာတော်ဦးဥတ္တမသည် ရခိုင်လူမျိုးဟု ကြွေးကြော်နေမည့်အစား ဆရာတော်၏ သမိုင်းဝင်ပြတိုက်ကို ပူးပေါင်းပါဝင်လုပ်ကိုင်ကြဖို့လိုအပ်သည်ဟု ဆရာတော်က ဆက်မိန့်သည်။
“အဓိကတော့ ကိုယ့်ရခိုင်လူမျိုးတွေကိုပြောချင်တယ်။ ဆရာတော်ဦးဥတ္တမဟာ ကိုယ့်ရခိုင်လူမျိုး၊ ရခိုင်လူမျိုးဆိုပြီးတော့ ဆရာတော်ဦးဥတ္တမနေ့ကျရင် လုပ်ကြတာပေါ့နော်။ နှုတ်က ဂုဏ်ယူနေမဲ့အစား မှတ်တမ်းမှတ်ရာတစ်ခု စိုက်ထူနိုင်ခဲ့မယ်ဆိုရင် ပိုပြီးတော့ တန်ဖိုးရှိတယ်လို့ထင်တယ်။ နှုတ်က ငါတို့ရခိုင်လူမျိုး လွတ်လပ်ရေး ကမ႓ာ့အာဇာနည် အာရှ ကြွေးကြော်နေမဲ့အစား ဘုန်းဘုန်းတော့ အကုန်လုံးပူးပေါင်းလက်တွဲပြီးတော့ သမိုင်းဝင်တစ်ခုတည်ထောင်ခဲ့မယ်ဆိုရင် နှုတ်ကအော်နေစရာမလိုတော့ဘူးလေ။ အဲဒါကို ပူးပေါင်းပြီးတော့ လုပ်စေချင်တယ်။”ဟု မိန့်ကြားသည်။
အဆိုပါပြတိုက်ကို သုံးထပ်အဆောက်အဦအဖြစ် ၂ဝ၁၄-၂ဝ၁၅ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့သော်လည်း ငွေကြေးအခက်အခဲကြောင့် တည်ဆောက်မှုလုပ်ငန်း ရပ်နားခဲ့ရသည်။
ယင်းနောက် ၂ဝ၂ဝ ပြည့်နှစ်၊ နိုဝင်ဘာလတွင် ဆက်လက်တည်ဆောက်ခဲ့ရာ ငွေကြေးအခက်အခဲကြောင့် လက်ရှိတွင်လည်း တည်ဆောက်မှုလုပ်ငန်း ရပ်နားနေရခြင်းဖြစ်သည်။
အဆိုပါပြတိုက်ဆောက်လုပ်ပြီးစီးပါက ပြတိုက်ထဲတွင် ဆရာတော်အရှင် ဦးဥတ္တမ၏ ကျောင်းသားဘဝ၊ ကိုယ်ရင်ဘဝ၊ ရဟန်းဘဝ၊ အိန္ဒိယ အပါအဝင် နိုင်ငံအများအပြားသို့ ကြွရောက်လုပ်ဆောင်ခဲ့သည့် လွတ်လပ်ရေးဆိုင်ရာ မှတ်တမ်း ဓာတ်ပုံများ၊ ဂျပန်နိုင်ငံတွင် ပါမောက္ခလုပ်ခဲ့သည့် မှတ်တမ်းများ၊ အင်္ဂလိပ်အစိုးရက ဖမ်းဆီးထောင်ချခဲ့သည့် မှတ်တမ်းများ၊ အင်္ဂလိပ်ထံမှ လွတ်လပ်ရေးကို သပိတ်မှောက်ပြီးတောင်းခဲ့သည့်မှတ်တမ်း ဓာတ်ပုံများ၊ ဆရာတော် အိပ်ခဲ့သည့် အိပ်ကုတင်များ၊ ဆရာတော်သုံးခဲ့သည့် ဆွမ်းသပိတ်တော်နှင့် ဆရာတော် ရေးသားခဲ့သည့်စာအုပ်များကို ထည့်သွင်းပြသထားမည်ဖြစ်ပြီး သမိုင်းဝင်ပြတိုက်ဖြစ်အောင် စီစဉ်ဆောက်ရွက်သွားမည်ဟုလည်း ကျောင်းထိုင်ဆရာတော်က မိန့်သည်။
၄င်းပြတိုက်ကြီးအတွက် အလှူငွေများ လှူဒါန်းထည့်ဝင်လိုသူများအနေဖြင့် စစ်တွေမြို့ ရွှေစေတီကျောင်းတိုက်သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
ဆရာတော်ဦးဥတ္တမ၏ ငယ်နာမည်သည် ပေါ်ထွန်းအောင် ဖြစ်ပြီး ခရစ်သက္ကရာဇ် ၁၈၇၉ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့( မြန်မာသက္ကရာဇ် ၁၂၄၁ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁ ရက်နေ့)တွင် ရခိုင်ပြည်နယ် ၊ စစ်တွေမြို့၊ ရူပမြောက်ရပ်ကွက်၌ မွေးဖွားခဲ့ခြင်းဖြစ်သည်။
ဆရာတော် ဦးဥတ္တမသည် စစ်တွေမြို့ ရွှေစေတီကျောင်းတွင် သီတင်သုံးနေထိုင်ခဲ့ပြီး ၁၉၂၇ ခုနှစ် မေလ ၁ဝ ရက်နေ့တွင် အိန္ဒိယသို့ ထွက်ခွာသွားခဲ့ပြီး အိန္ဒိယတွင် ဂန္ဒီတို့နှင့်အတူ နိုင်ငံရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ခဲ့ပြီး မဟာဆဗ္ဗဟိန္ဒူအသင်းကြီး၏ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်ဟု မှတ်တမ်းများအရ သိရသည်။
ဆရာတော်ဦးဥတ္တမ၏ နိုင်ငံရေးဆောင်ရွက်ခဲ့သည်မှာ ၁၉၁ရခုနှစ်မှ ၁၉၃၇ ခုနှစ်အထိ နှစ်ပေါင်း ၂ဝ ရှိကာ အဆိုပါကာလအတွင်းတွင် နိုင်ငံရေးလှုပ်ရှားတက်ကြွလှုပ်ရှားမှု လုပ်ငန်းစဉ်များကြောင့် ၁၉၂၂ ခုနှစ်တွင် တစ်ကြိမ်၊ ၁၉၂၄ ခုနှစ်တွင် တစ်ကြိမ်ထောင်ဒဏ်ကျခံခဲ့ရသည်ဟု သိရသည်။ (အချို့သော အထောက်အထားများ၌ ၁၉၂၈ ခုနှစ်တွင် ဖမ်းဆီးခဲ့ရသည်ဟု ဖော်ပြထားပြီး ထောင်ဒဏ်ကျခံခဲ့ခြင်းကို ဖော်ပြထားခြင်း မရှိသည်ကို တွေ့ရသည်။)
၁၉၃၉ ခုနှစ်၊ စက်တင်ဘာ ၉ ရက်နေ့( မြန်မာသက္ကရာဇ် ၁၃ဝ၁၊ ဝါခေါင်လပြည့်ကျော် ၁၁ ရက်နေ့) ည ၁ နာရီ ၃၅ မိနစ် အချိန်တွင် ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်ရှိ တောင်တုန်းဘုန်းတော်ကြီးကျောင်း၌ ဆီးချိုရောဂါဖြင့် ပျံလွန်တော်မူခဲ့သည်။
ဆရာတော်ပျံလွန်တော်မူခဲ့သည့် စက်တင်ဘာ ၉ ရက်နေ့ကို အစွဲပြု၍ ရခိုင်ပြည်သူများက ဆရာတော်ဦးဥတ္တမနေ့အဖြစ် နှစ်စဉ်ကျင်းပလျက်ရှိနေကြသည်။

ဆက်စပ် သတင်းများ