အင်္ဂါ၊ ဧပြီလ ၂၃ရက်၊ ၂၀၂၄

မြောက်ဦးမြို့နယ်တွင် ခမီလူမျိုးတို့၏ ရိုးရာ ဓလေ့အရ အနာရောဂါကင်းဝေးစေရန် ဆုတောင်းပွဲပြုလုပ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ သြဂုတ် ၂၀၂၁
  • | ကြည့်ရှုသူ: 8.3k


အင်္ဂါအောင် (ခမီ)
စစ်တွေ၊ သြဂုတ် ၁၂ / ၂ဝ၂၁
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် သာယာကုန်းခမီကျေးရွာတွင် အနာရောဂါကင်းဝေးစေရန်အတွက် ရိုးရာ ဓလေ့ထုံးစံအရ ဆုတောင်းပွဲတစ်ခုကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
ခမီလူမျိုးတို့၏အခေါ် “အနာယ”ဟုခေါ်သည့် အဆိုပါပွဲကို ယမန်နေ့ သြဂုတ်လ ၁၁ ရက်နေ့ ညနေ ၅ နာရီခန့်တွင် သာယာကုန်းကျေးရွာ၏ ရွာဦး ချောင်းကမ်းနံဘေးတွင် ကိုဗစ်စည်းကမ်းနှင့်အညီပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ပွဲဦးဆောင်သူများကပြောသည်။
အဆိုပါပွဲသည် ရှေးယခင်ကပင် ခမီလူမျိုးတို့ အနာရောဂါကင်းရှင်း စေရန်အတွက် ကျင်းပတတ်သည့်ကြီးကျယ်သောပွဲတစ်ခုဖြစ်ပြီး ပွဲမကျင်းပဖြစ်သည်မှာ နှစ်ပေါင်းများစွာကြာမြင့်နေပြီဟုဆိုသည်။
လက်ရှိတွင် ကိုဗစ်ကပ်ရောဂါဖြစ်ပွားနေသည့်ကာလတွင် မဖြစ်မနေကျင်းပရန်လိုအပ်လာပြီဟုယူဆသည့်အတွက် ယခုကဲ့သို့ ပြန်လည်ထုတ်ဖော်ကျင်းပရခြင်းဖြစ်သည်ဟု ခမီအမျိုးသားရေးလှုပ်ရှားသူ ကိုအေးထွန်းက ပြောသည်။
“ကျနော်တို့ခမီလူမျိုးတွေမှာ ရှေးအရင်ကနေ ဓလေ့ထုံးအရပေါ့။ ဓလေ့ထုံးအရ ရပ်ရွာတွေမှာ အဖျားအနာတွေများတယ်။ ရောဂါဘယတွေဖြစ်လို့ရှိရင် ကျနော်တို့လူမျိုးတွေက အရင်က အဲလိုအခင်းအကျင်းမျိုးကို လုပ်ကြတယ်။ အခုအချိန်မှာ မလုပ်တာတော့ ကြာပြီပေါ့။ မလုပ်တာကြာတဲ့အချိန်မှာ အခုက ကမ႓ာမှာ ကပ်ရောဂါဖြစ်နေတဲ့အခါကျတော့ ကျနော်တို့ ဒီကမ႓ာအနှံ့အပြင်ပေါ့။ ကျနော်တို့ရခိုင်ပြည်အကုန်လုံးမှာလည်း ကျနော်တို့ခမီလူမျိုးရွာတိုင်းမှာ အဲဒီရောဂါတွေဖြစ်ပွားနေပါတယ်။ အဲဒါကို ခုခံကာကွယ်ဖို့ဆိုတာကတော့ မိမိတို့ဓလေ့အရပေါ့။ အခုလို အခင်းအကျင်းကိုလုပ်ရတာဖြစ်တယ်။”ဟု ပြောသည်။
အဆိုပါပွဲပြုလုပ်ရာတွင် ဂါထာများမန်းမှုတ်ခြင်း၊ နက္ခတ်တာရာများ၏အသွားအလာများကိုကြည့်ရှုခြင်းတို့ကို ပြုလုပ်ခဲ့ကြပြီး ယင်းနေ့ညနေ ၆ နာရီကျော်အချိန်တွင် ကျင်းပပြီးစီးသွားခဲ့သည်။
ပွဲလုပ်ပြီးနောက် ပွဲလုပ်သည့်နေ့ ည ၇ နာရီမှ နောက်တစ်နေ့ (သြဂုတ်လ ၁၂ ရက်နေ့)ည ၇ နာရီအထိ ရွာအဝင်အထွက်ကိုလည်း တင်းတင်းကျပ်ကျပ်ပိတ်ထားရသည့်စည်းကမ်းချက်ရှိသည်ဟု ခမီလူမျိုးများက ပြောသည်။
ပွဲလုပ်ရာတွင် သတ်မှတ်ထားသည့်စည်းကမ်းချက်များအား ဖောက်ဖျက်ကျူးလွန်ပြီး အမှားအယွင်းတစ်စုံတရာဖြစ်ပွားပါက အန္တရာယ်များကျရောက်တတ်သည်ဟုလည်း ခမီးလူမျိုးများက ဆိုကြသည်။
“ကိုယ့်ဓလေ့ထုံးစဉ်အတိုင်း ယုံကြည်မှုအပြည့်နဲ့လုပ်လို့ရှိရင် အနာရောဂါကင်းရှင်းမယ်ဆိုတဲ့ ဓလေ့ထုံးစဉ်တွေ၊ နောက်ပြီးတော့ ဒီပွဲဟာဆိုလို့ရှိရင် ကျမတို့ရွာမှာ ပထမဆုံးလုပ်တဲ့ပွဲဖြစ်ပါတယ်။ တခြားရွာတွေကိုလည်း အဲလိုလုပ်စေချင်တယ်။”ဟု သာယာကုန်းခမီကျေးရွာသူ ဒေါ်လှဝင်းနုက ပြောသည်။
အဆိုပါပွဲကို ရောဂါဘယအဖြစ်များတတ်သည့် ယခုကဲ့သို့ မိုးတွင်းကာလတွင်သာပြုလုပ်လေ့ရှိကြောင်းလည်း သိရသည်။
သာယာကုန်းခမီကျေးရွာတွင် အိမ်ခြေ (ရဝ)နှင့် လူဦးရေ ၅ဝဝ ခန့်ရှိသည်ဟုလည်း သိရသည်။

ဆက်စပ် သတင်းများ