အင်္ဂါ၊ ဧပြီလ ၂၃ရက်၊ ၂၀၂၄

ရခိုင်ရိုးရာကျင်သန်ကြီးဦးမောင်နီကွယ်လွန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ နိုဝင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 9.8k

မြထွီးသျှင်
နိရဥ္စရာ၊ နိုဝင်ဘာ ၂၀/၂၀၂၁
ရခိုင်ရိုးရာကျင်ပညာရှင်ကို ကျွမ်းကျင်စွာ တတ်မြောက်သည့် ရခိုင်ကျင်သန်ကြီးဦးမောင်နီသည် လူကြီးရောဂါဖြင့် နိုဝင်ဘာလ ၁၈ ရက်၊ ညနေ ၆ နာရီကျော်တွင် သူ၏နေအိမ်၌ ကွယ်လွန်သွားခဲ့သည်ဟု သတင်းရရှိသည်။
ကွယ်လွန်ချိန်တွင် အသက် ၈၈ နှစ်ရှိပြီဖြစ်ပြီး သားသမီး ၄ ဦးကျန်ခဲ့သည်ဟု သိရသည်။
ဆရာကြီး၏ရုပ်အလောင်းကို ယနေ့ နိုဝင်ဘာလ ၂၀ ရက် ညနေ ၃ နာရီတွင် သူ၏ဇာတိဖြစ်သော ပေါက်တောမြို့နယ်၊ တောင်ညိုကျေးရွာရှိ သုသာန်၌ မီးသင်္ဂြိုလ်သွားမည်ဟု သိရသည်။
ဆရာကြီးကွယ်လွန်သွားခြင်းသည် ရခိုင်ကျင်လောကအတွက် အားတစ်ခုလျော့သွားသလို ဆရာကြီး၏တပည့်သားသမီးများကလည်း လွန်စွာမှခံစားရကြောင်း တပည့်တစ်ဦးဖြစ်သူ ကိုသာထွန်းဦးက နိရဥ္စရာသို့ပြောသည်။
“ရခိုင့်ကျင်လောကမှာ နာမည်ကြီးတဲ့ဆရာတစ်ယောက် ဆုံးရှုံးသွားတဲ့အတွက် ဝမ်းနည်းမိပါတယ်။ ဆရာက ကျင်မကိုင်နိုင်တော့ရင်တောင် အကြံဉာဏ်ပေးတယ်။ ကျင်လောကတစ်ခုလုံးအတွက်လည်း အခုလို ဆရာကောင်းတစ်ယောက် ဆုံးရှုံးသွားရတော့လည်း အားငယ်မိပါတယ်” ဟုပြောသည်။
ဆရာကြီးဦးမောင်နီသည် ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်၊ တောင်ညိုရွာဇာတိဖြစ်ပြီး အသက် ၂၀ ကျော်အရွယ်ကတည်းကပင် ကျင်ကြိုးဝိုင်းထဲသို့ စတင်အခြေချခဲ့သူဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်အတွင်း ဘုရားပွဲတော်များ၊ ရိုးရာပွဲတော်များနှင့် ဘုန်းကြီးပျံပွဲများတွင် ကျင်လှည့်လည်ယှဉ်ပြိုင်ခဲ့ပြီး ကျင်ကိုင်ရင်း မိသားစုစားဝတ်နေရေးကိုဖြေရှင်းခဲ့သူလည်းဖြစ်သည်။
ဆရာကြီး၏ဘဝတစ်သက်တာတွင်လည်း ကျင်ပွဲတိုင်းနီးပါးအနိုင်ရရှိမှုများရှိခဲ့ပြီး ရွှေမောင်းအလုံးပေါင်း ၁၂၀ ကျော်ရရှိခဲ့သည်။
ဆရာကြီးသည် အသက် ၄၇ နှစ်အရွယ်တွင် ကျင်လောကမှ အနားယူခဲ့ကြောင်းလည်း သိရသည်။

ဆက်စပ် သတင်းများ