ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

စစ်တွေတွင် ပထမဆုံးအကြိမ် လမ်းလျှောက်သင်္ကြန်ပြုလုပ်မည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ ဧပြီ ၂၀၂၂
  • | ကြည့်ရှုသူ: 3.4k

သဥ္ဇာနွယ်
နိရဥ္စရာ၊ ဧပြီ ၅ /၂၀၂၂
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင်ပြုလုပ်မည့်သင်္ကြန်အတွင်း လမ်းလျှောက်သင်္ကြန်ကိုပါ ပထမဆုံးအကြိမ်အဖြစ် ထည့်သွင်းကျင်းပသွားမည်ဟု သိရသည်။
လမ်းလျှောက်သင်္ကြန်ကို ဧပြီ ၁၃ ရက်မှ ၁၇ ရက်အထိ ၄ ရက်တိုင်တိုင် စစ်တွေစာတိုက်ကြီးအနီးမှ ရှုခင်းသာလမ်းတစ်လျှောက် သုံးခွဆုံနားအထိ ယာဉ်များသွားလာခွင့်ကိုတားမြစ်ကာ ပြုလုပ်သွားမည်ဟု သိရသည်။
ယာဉ်တိုက်မှုကင်းစင်စေရန်အတွက် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်သည်ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်းက နိရဥ္စရာကို ပြောသည်။
"အဓိကတော့ အဲ့နေရာမှာသင်္ကြန်ကာလဆိုရင် ယာဉ်တိုက်မှုခဏခဏဖြစ်တယ်။ အဲဒါကြောင့် အဲ့နေရာမှာ လမ်းလျှောက်သင်္ကြန်လုပ်ဖြစ်တာ။ လမ်းလျှောက်သင်္ကြန်လုပ်ရင် အဲ့နေရာကိုလမ်းပိတ်ထားတော့ ယာဉ်အန္တရာယ်ကင်းတာပေါ့"ဟု ပြောသည်။
ယခုကဲ့သို့ ရခိုင်သင်္ကြန်တွင် ပထမဆုံးအကြိမ်လမ်းလျှောက်သင်္ကြန်ပါဝင်မည်ဖြစ်၍ လူငယ်များအနေဖြင့်အလွန်ပျော်ရွင်ရမည်ဟု စစ်တွေမြို့ခံ ကိုကျော်ကျော်ထွန်းက ပြောသည်။
"ဒီနှစ်မှာသင်္ကြန်အရမ်းစည်မယ်။ ပြီးတော့ ရခိုင်မှာ တစ်ခါမှ မကျဖူးတဲ့ လမ်းလျှောက်သင်္ကြန်ကျတော့ အရမ်းပျော်ဖို့ကောင်းမှာပါ။ ဒါကြောင့် ပြည်မဖက်မှာရှိတဲ့ ရခိုင်သူ၊ ရခိုင်သားတွေကို မိမိတို့ရဲ့ရိုးရာသင်္ကြန််ပွဲကို ပါဝင်ဆင်နွှဲဖို့ဖိတ်ခေါ်ပါတယ်"ဟုပြောသည်။
ယခုနှစ် စစ်တွေတွင် သင်္ကြန်ကာလအတွင်း ဦးဥတ္တမပန်းခြံရှေ့၌ ဗဟိုမဏ္ဍပ်တစ်ခု၊ မိဇံရပ်ကွက်တွင် ရိုးရာရေကစားမဏ္ဍပ်တစ်ခုနှင့် စစ်တပ်အတွင်းရှိ ဒကစ မဏ္ဍပ်တစ်ခုတို့ရှိကြောင်း သိရသည်။

ဆက်စပ် သတင်းများ