စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

ပထမဆုံးအကြိမ်ကျင်းပသည့် လေးမြို့ မြစ်သင်္ကြန်ပွဲ လူပေါင်းသောင်းချီ ပါဝင်ဆင်နွှဲ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ ဧပြီ ၂၀၂၂
  • | ကြည့်ရှုသူ: 4.6k

သဥ္ဇာနွယ်
နိရဥ္စရာ၊ ဧပြီ ၁၈ / ၂၀၂၂
ရက္ခိုင့်တပ်တော် (AA) ထိန်းချုပ်နယ်မြေ မြောက်ဦးမြို့နယ်၊ လေးမြို့ မြစ်တွင် ရခိုင်ရိုးရာသကြင်္န် ပွဲတော်ကို ဧပြီ ၁၇ ရက်နေ့က စတင် ကျင်းပရာ လူပေါင်း သောင်းချီပါဝင်ဆင်နွှဲနေကြောင်း သတင်းရရှိသည်။
၎င်းသင်္ကြန်ပွဲတော်ကို မြောက်ဦးမြို့နယ်၊ လီညှင်းတောင်ရွာအနီးရှိ လေးမြို့မြစ်ပေါ်ကျွန်း တစ်ခုပေါ်တွင် ဧပြီ ၁၇ ရက်နေ့မှ ၁၉ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာကျင်းပနေသည်ဟု လေးမြို့ချောင်းဒေသခံ ကိုခိုင်စိုးက နိရဉ္စရာသတင်းဌာနကို ပြောသည်။
" ဒီပွဲက ဒီနှစ်မှ ပထမဆုံးအကြိမ်ကျင်းပတာ။ လူတွေအများကြီး လာအားပေး ကြတယ်။ အရမ်း စည်ကားပါတယ်"ဟု ပြောသည်။
ရခိုင်တွင် ယခုနှစ်အတွင်း နယ်မြေအခြေတည်ငြိမ်အေးချမ်းနေသဖြင့် အမြို့မြို့အနယ်နယ် အရပ်ရပ်တွင် ရခိုင်ရိုးရာသင်္ကြန်ပွဲတော်ကို စဉ်လာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပနေကြသသည်။
အလားတူ ဇီးချောင်းသင်္ကြန်ပွဲတော်ကို ဧပြီ ၁၃ ရက်မှ ၁၇ ရက်နေ့ထိ (၅) ရက်တိုင်တိုင် ရက္ခိုင့်တပ်တော် (AA) ကကြီးမှူးကျင်းပခဲ့ရာ ၎င်း (၅) ရက်အတွင်း လူပေါင်း ၃ သိန်းခန့် ပါဝင်ဆင်နွှဲခဲ့ကြသည်ဟု ဒေသခံများက ခန့် မှန်းပြောဆိုသည်။
ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ်မြို့ မောင်တောတွင်လည်း ရခိုင်ရိုးရာ သင်္ကြန်ကို ဧပြီ ၁၇ ရက် နှစ်ရက်နေ့မှ ၁၉ ရက်နေ့ထိ ကျင်းပနေသလို ဘင်္ဂလာဒေ့ရှ်နိုင်ငံ ကော့စ်ဘဇားခေါ် ဖလောင်းချိတ် မြို့တွင်လည်း ဧပြီ ၁၇ ရက်နေ့မှ ၁၉ ရက်နေ့ထိ စည်ကားသိုက်မြိုက်စွာ ကျင်းပနေကြောင်း သိရှိရသည်။
ရခိုင်က တချို့ဒေသများတွင် သင်္ကြန်ရေလောင်းပွဲတော်ကို ဥပုတ်ကာလ သင်္ကြန်ရက်များအတွင်း မကျင်းပဘဲ သင်္ကြန် အလွန် နှစ်ဆန်းတစ်ရက်နေ့မှသာ စတင်ကျင်းပလေ့ရှိကြသည်ဟု သိရသည်။
(ဓာတ်ပုံ- Nay Myo Htun facebook နှင့် Narinjara )

ဆက်စပ် သတင်းများ