စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

ရမ်းဗြဲ ရမ္မာဝတီရခိုင်ရိုးရာလှီ(လှေ)ပြိုင်ပွဲတွင် ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်အသင်းများ ကြိုတင်လေ့ကျင့်မှုများ စတင် ပြုလုပ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ ဧပြီ ၂၀၂၂
  • | ကြည့်ရှုသူ: 1.3k

မြထွီးသျှင်

နိရဉ္စရာ၊ ဧပြီ ၂၆/ ၂၀၂၂

 

ရမ်းဗြဲမြို့တွင်ကျင်းပမည့် ရမ္မာဝတီရခိုင်ရိုးရာ လှီ(လှေ)ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန်အတွက် ပြိုင်ပွဲဝင် အသင်းများ ကြိုတင်လေ့ကျင့်ရေးဆင်းနေပြီ ဖြစ်ကြောင်း သိရသည်။

 

အဆိုပါပြိုင်ပွဲကို လာမည့် မေလ ၁၆ ရက်က ၁၉ ရက်နေ့ ( မြန်မာကဆုန်လပြည့်ကျော် ၂ ရက်နေ့မှ လပြည့်ကျော် ၅ ရက်နေ့) ထိ လေးရက်တိုင်တိုင်ကျင်းပသွားမည်ဖြစ်ကာ လက်ရှိတွင် ယှဉ်ပြိုင်ရန် စာရင်းပေးထားသည့်အသင်းပေါင်း ၂၁ သင်းရှိကြောင်း သိရသည်။

 

လက်ရှိတွင် ရမ်းဗြဲမြို့ပေါ်ရှိ တန်းချောင်းထဲ၌ ပါဝင်မည့် အသင်းများအနေဖြင့် အသင်းလိုက် လေ့ကျင့်နေကြသလို ပြိုင်ပွဲဝင်များကျေးရွာများအနေဖြင့်လည်း လေ့ကျင့်မှုများ ပြုလုပ်နေပြီဟု  ရမ်းဗြဲလှီပြိုင်ပွဲ ဖြစ်မြောက်ရေးကော်မတီအဖွဲ့ဝင် ကိုထွန်းနိုင်က နိရဉ္စရာသို့ ပြောသည်။

 

ပြိုင်ပွဲပြုလုပ်မယ့်ချောင်းကို ပြုပြင်ပြင်ဆင်နေရတယ်ပေါ့နော်။ နောက်ပြီးလက်ရှိ ကံစမ်းမဲ လက်မှတ်တွေရောင်းနေကြတယ်။ ပြိုင်ပွဲမှာပါဝင်လာကြဖို့အတွက် စည်းရုံးရေးဆင်းနေတာတွေ ရှိတယ်ပေါ့နော်။ သံတွဲ၊ မာန်အောင်၊ တောင်ကုတ်တို့ဘက်က စာရင်းလာပေးထားတာတော့ရှိပြီ။ ကျောက်ဖြူဘက်တို့ကလည်း စာရင်းပေးလာမယ်ပြောတယ်။ ရခိုင်တောင်ပိုင်းဘက်က လူတွေကိုလည်း ကျနော်တို့က ပါစေချင်ပါတယ်ဟုပြောသည်။

 

၎င်းအပြင် ကျင်းပရေးကော်မတီအနေဖြင့် ရန်ပုံငွေများရရှိအောင်လည်းစည်းရုံးလှုပ်ရှားမှုများ ပြုလုပ်နေပြီဟုဆိုသည်။

 

ရမ်းဗြဲ ရခိုင်ရိုးရာ လှီြိုင်ပွဲကို ချန်ပီယံနှင့် ရိုးရိုးအတန်းဆိုကာ အဆင့် ၂ ဆင့်ခွဲခြားထားပြီး ဆုကြေးငွေများအားဖြင့် ချန်ပီယံ ပထမဆုကို ကျပ်သိန်း ၂၀၊ ဒုတိယဆုကို ကျပ် ၁၈ သိန်း၊ တတိယဆုကို ၁၅ သိန်း နှင့် ရိုးရိုးတန်းပထမဆုကို ၁၈ သိန်း၊ ဒုတိယဆုကို ၁၅ သိန်း၊ တတိယဆုကို ၁၃ သိန်း အသီးသီးစီချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါရခိုင်ရိုး ရမ္မာဝတီလှီပြိုင်ပွဲကြီးဖြစ်မြောက်ရေးအတွက် ရမ်းဗြဲလူငယ်ကွန်ရက်မှလည်း တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးနေကာ ထိုရခိုင်ရိုးရာလှီပြိုင်ပွဲအကြောင်းကို လူမှုကွန်ရက် စာမျက်နှာများမှတဆင့် လူအများကြည့်ရှုလေ့လာနိုင်အောင်လည်း စီစဉ်ဆောင်ရွက်ထားကြောင်း ရမ်းဗြဲလူငယ်ကွန်ရက်ဥက္ကဋ္ဌ မစုမြတ်ထွေးက နိရဉ္စရာသို့ပြောသည်။

 

ပြိုင်ပွဲကနှစ်စဉ်နှစ်တိုင်းကျရောက်နေပြီးတော့ မှတ်တမ်းကောင်းကောင်းမရလိုက်တော့ ဒီနှစ်မှာတော့  Akyab production လို့ စစ်တွေက ပရော်ဖက်ရှင်နယ်ကင်မရာမန်းတွေကို ခေါ်ပြီးတော့ ဒီရမ်းဗြဲလှီပြိုင်ပွဲကို social media သုံးတဲ့လူတွေအားလုံးသိမြင်ခွင့်ရအောင် လုပ်မယ့်အစီအစဉ်ရှိတယ်။ ဒါဟာ သမိုင်းအစဉ်အဆက်လုပ်ခဲ့တဲ့ ရိုးရာပွဲကြီးကို အခုလူငယ်တွေလက်ဆင့်ကမ်းပြီး လုပ်နေကြတာကတော့ ကောင်းတဲ့လုပ်ရပ်ပေါ့နော်။ အစဉ်အဆက်ထိန်းသိမ်းသွားသင့်တယ်လို့ မြင်တယ်ဟုပြောသည်။

 

အဆိုပါပြိုင်ပွဲကို နှစ်စဉ်မေလအတွင်းတွင်ကျင်းပပြီး ရခိုင်ပြည်နယ်တဝှမ်းလုံးမှ လူ ထောင်နှင့်ချီ၍ လာရောက်အားပေးကြကာ ရခိုင်မှ လွန်ထင်ရှားသည့် လှီ(လှေ)ပြိုင်ပွဲတစ်ခုဖြစ်သည်။

ဆက်စပ် သတင်းများ