ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

ရမ်းဗြဲတွင် အမျိုးအဆွေရွာလည်ပွဲကို စည်ကားသိုက်မြိုက်စွာကျင်းပနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 7.6k

နိရဥ္စရာ၊ ဇွန် ၄/ ၂၀၂၂
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ရမ်းပေါက်ကုန်ပေါင်ကျေးရွာတွင် အမျိုးအဆွေရွာလည်ပွဲကို ယနေ့မှစတင်ကာ စည်ကားသိုက်မြိုက်စွာ ကျင်းပနေသည်ဟု သိရသည်။
အဆိုပါပွဲကို ယနေ့ ဇွန်လ ၄ ရက်နေ့မှ စတင်ပြီး ၅ ရက်နေ့အထိ နှစ်ရက်တိုင်တိုင်စည်ကားသိုက်မြိုက်စွာ ကျင်းပနေခြင်းဖြစ်သည်။
အမျိုးအဆွေရွာလည်ပွဲကို ယခင်နှစ်များကဆိုလျှင် နံနက် ၉ နာရီမှ ညနေ ၃ နာရီခွဲအထိ ကျင်းပခဲ့သော်လည်း ယခုနှစ်တွင် ပတ်ဝန်းကျင်အသီးသီး၊ မြို့နယ်အသီးသီးမှ လူများလာရောက်လည်ပတ်ရန်အချိန်မီစေဖို့အတွက် မွန်းတည့် ၁၂ နာရီမှ စတင်ပြီး ညနေ ၆ နာရီအထိ ကျင်းပသွားမည်ဟု ရမ်းပေါက်ကုန်ပေါင်ကျေးရွာအုပ်ချုပ်ရေးမူး ဦးရွှေတင်က ပြောသည်။
"ဒီနှစ်တော့ မြို့နယ်အသီးသီးကလူတွေလာရင် ဒီရွာလည်ပွဲကို မီစေဖို့အတွက် နေ့လယ် ၁၂ နာရီက စတင်ပြီး ညနေ ၆ နာရီအချိန်ထိ ကျင်းပသွားမယ်" ဟု ပြောသည်။
အမျိုးအဆွေရွာလည်ပွဲကိုကျင်းပရာတွင် ယနေ့တွင် ရွာတောင်ပိုင်းမှရွာသူ၊ ရွာသားများက မြောက်ပိုင်းသို့ သွားရောက်လည်ပတ်ကြမည်ဖြစ်ပြီး မနက်ဖြန်တွင် ရွာမြောက်ပိုင်းမှ ရွာသူ၊ ရွာသားများက တောင်ပိုင်းသို့ လာရောက်လည်ပတ်ကြမည်ဟုလည်း သိရသည်။
ထိုသို့ သွားရောက်လည်ပတ်ကြရာ၌ ရယ်စေ မောစေ၊ ပျော်စေ ရွှင်စေဖို့အတွက် ပုံစံမျိုးစုံဖြင့်ပြင်ဆင်ဝတ်စားကာ သွားရောက်လည်ပတ်ကြသည်ဟုလည်း သိရသည်။
အမျိုးအဆွေရွာလည်ဖို့သွားရာ၌လည်း လာရောက်လည်ပတ်ကြသည့် ရွာတောင်ပိုင်းသားများကို ရွာခံသားများဖြစ်ကြသည့်မြောက်ပိုင်းသားများက ယာဂု၊ မုန့်လုံးရေပေါ်၊ ထမင်းများဖြင့် ဧည့်ခံကျွေးမွေးကြသည်ဟုလည်း သိရသည်။
အမျိုးအဆွေရွာလည်ပွဲသည် ရှေ့ခေတ်ဘိုးဘွား အစဉ်အလာအရ အစဉ်အဆက်မပျက်ကျင်းပခဲ့သော ရိုးရာပွဲတော်တစ်ခုဖြစ်ပြီး မိုးရာသီလုပ်ငန်းခွင်ဝင်ရာ၌ အဆင်ပြေစေရန်၊ သီးနှံအထွက်တိုးရန်နှင့် ကျေးရွာသူ ကျေးရွာသားများလည်း စည်းလုံးညီညွတ်မှုနှင့် စိတ်ဝမ်းကွဲပြားမူမရှိစေရန်အတွက် ကျင်းပရခြင်းဖြစ်သည်ဟုလည်း ရမ်းပေါက်ကုန်ပေါင်ကျေးရွာသားတစ်ဦးဖြစ်သူ ဦးထွန်းသာဇံက ပြောသည်။
"အမျိုးအဆွေရွာလည်ပွဲကတော့ ကျွန်တော်တို့မမွေးခင်ကတည်းကနေ အစဉ်အဆက်ကျင်းပလာတာဖြစ်မယ်။ ဒီနေ့ချိန်မှာတော့ အရင်တုန်းက ပွဲတွေထက် ပိုစည်ကားလာတယ်။ နေရာတိုင်းကလည်း သိလာကြတယ်။ ဒါကြောင့် ဝမ်းသာတယ်။ ပျော်တယ်။ ရှေ့အစဉ်အလာရိုးရာဓလေ့တစ်ခုကို လက်ဆင့်ကမ်း မျှဝေပြီး ကျင်းပရတာဖြစ်လို့ ရွာသားတစ်ယောက်အနေနဲ့လည်း ဂုဏ်ယူမိတယ်"ဟု ပြောသည်။
အဆိုပါအမျိုးအဆွေရွာလည်ပွဲကို နှစ်စဉ်နှစ်တိုင်း ကျင်းပလာခဲ့သော်လည်း ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်တွင် ကိုဗစ်ရောဂါဖြစ်ပွားမှုကြောင့် ကျင်းပနိုင်ခြင်းမရှိခဲ့ကြောင်း သိရသည်။
ကိုဗစ်ဖြစ်ပွားမှုနှုန်းလျော့ကျလာခဲ့သည့် ပြီးခဲ့သော ၂၀၂၁ ခုနှစ်မှစတင်ကာ အစဉ်အလာအတိုင်း ပြန်လည်ကျင်းပခဲ့ခြင်းဖြစ်သည်။ (NN-12)

ဆက်စပ် သတင်းများ