အင်္ဂါ၊ ဧပြီလ ၂၃ရက်၊ ၂၀၂၄

အမေရိကန်နိုင်ငံတွင် ရခိုင်ရိုးရာသင်္ကြန်ပွဲတော်ကို မနက်ဖြန် စတင်ကျင်းပမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 4.4k

နိရဥ္စရာ၊ ဇူလိုင် ၁/၂၀၂၂
အမေရိကန်နိုင်ငံ၊ အိုင်အိုဝါပြည်နယ်တွင် (၇)ကြိမ်မြောက် ရခိုင်ရိုးရာသင်္ကြန်ပွဲတော်ကို မနက်ဖြန်မှစတင်ကာ အစဉ်အလာမပျက် ကျင်းပသွားမည်ဟု သိရသည်။
အဆိုပါရခိုင်ရိုးရာသင်္ကြန်ပွဲတော်ကို အိုင်အိုဝါပြည်နယ်၊ ဒမွိုင်းမြို့တွင် မနက်ဖြန် ဇူလိုင် ၂ ရက်၌ အကြိုအဖြစ် ရခိုင်ရိုးရာအားကစားများဖြစ်ကြသည့် ကျင်ပွဲနှင့် ကြိုးဆွဲပွဲတို့ကို ကျင်းပမည်ဖြစ်ပြီး ဇူလိုင် ၃ ရက်တွင် ရိုးရာသင်္ကြန်ပွဲတော်ကို ကျင်းပသွားမည်ဟု ဦးဆောင်ကျင်းပသူများက ပြောသည်။
ရခိုင်သင်္ကြန်ဖြစ်မြောက်ရေးဦးဆောင်ကော်မတီဝင် ကိုကျော်မြင့်လှိုင်က "ဒီရခိုင်ရိုးရာပွဲတော်ကို နှစ်စဉ်ကျင်းပရတဲ့ရည်ရွယ်ချက်ကတော့ မိမိတို့ရိုးရာကိုဖော်ထုတ်ချင်တာကတစ်ပိုင်း၊ ပြီးတော့ ဒီမှာရှိတဲ့ အနာဂတ်ကလေးတွေကို ကိုယ်တို့ရဲ့ ရိုးရာယဉ်ကျေးမှု၊ ထုံးတမ်းစဉ်လာတွေကိုလည်း သူတို့သိအောင်၊ သူတို့တွေအတွက်အဓိကထားပြီး ကျင်းပရခြင်းဖြစ်ပါတယ်"ဟု နိရဥ္စရာကို ပြောသည်။
မြန်မာနိုင်ငံ၏သင်္ကြန်ကာလဖြစ်သည့် ဧပြီလတွင် အမေရိကန်နိုင်ငံ၌ ဆောင်းရာသီကာလဖြစ်၍ သင်္ကြန်ကျင်းပနိုင်ခြင်းမရှိခဲ့ပေ။
သို့သော် ရခိုင်ရိုးရာအစဉ်အလာဖြစ်သည့် သင်္ကြန်ရေမကစားမီ ဘုရားရေသပ္ပာယ်ပူဇော်ခြင်းနှင့် ရေသပ္ပာယ်ပူဇော်ရန် နံ့သာသွေးပြိုင်ပွဲကျင်းပခြင်းတို့ကို ဧပြီလတွင် ကျင်းပလေ့ရှိပြီး သင်္ကြန်ရေကစားပွဲတော်ကိုမူ ရာသီဥတုအခြေအနေအရ ယခုမှကျင်းပရခြင်းဖြစ်ကြောင်း ကိုကျော်မြင့်လှိုင်က ဆက်ပြောသည်။
"ရခိုင်က သင်္ကြန်နေ့ရက်တွေမှာ ဘုရားရေသပ္ပာယ်တာ၊ နံ့သာသွေးပွဲတွေကို တစ်ရက်တည်းဖြစ်အောင်တော့ကျင်းပပါတယ်။ သင်္ကြန်ပွဲကတော့ ဒီကရာသီဥတုကြောင့် ဒီအချိန်ဒီအခါမှကျင်းပရခြင်းဖြစ်ပါတယ်"ဟု ပြောသည်။
အဆိုပါရခိုင်ရိုးရာသင်္ကြန်ပွဲတော်ကို အိုင်အိုဝါပြည်နယ်ရောက် ရခိုင်လူမျိုးများကဦးဆောင်ကာ နှစ်စဉ်ကျင်းပခြင်းဖြစ်သည်။
ယခင်နှစ်များက လူပေါင်း ၅၀၀ မှ ၆၀၀ အထိပါဝင်ဆင်နွှဲလေ့ရှိပြီး ရခိုင်လူမျိုးအပြင် မြန်မာနိုင်ငံမှ တခြားတိုင်းရင်းသားများနှင့် အမေရိကန်နိုင်ငံသားများပါ ပါဝင်ဆင်နွှဲလေ့ရှိကြောင်း သိရသည်။ (NN-7)

ဆက်စပ် သတင်းများ