အင်္ဂါ၊ ဧပြီလ ၁၆ရက်၊ ၂၀၂၄

မောင်တောတွင် ဟိန္ဒူလူမျိုးများ၏ရိုးရာပွဲတော်ကို ၉ ရက်တိုင်တိုင် စည်ကားစွာကျင်းပနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 5.8k

နိရဥ္စရာ၊ ဇူလိုင် ၈/၂၀၂၂
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ ဟိန္ဒူလူမျိုးများ၏ ရိုးရာပွဲတော်ကို ၉ ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာကျင်းပလျက်ရှိသည်ဟု သိရသည်။
အဆိုပါပွဲတော်ကို ပြီးခဲ့သည့် ဇူလိုင်လ ၁ ရက်မှစတင်ပြီး ဇူလိုင်လ ၉ ရက်အထိ မောင်တောမြို့နယ်အတွင်းရှိ အထင်ကရ ဟိန္ဒူဘုရားရှိခိုးကျောင်းတော်များတွင် စည်စည်ကားကားကျင်းပနေခြင်းဖြစ်သည်။
ထိုပွဲတော်ကို "ဂျော်ဂ်နာသ်" ပွဲတော်ဟု ခေါ်တွင်ပြီး တစ်နှစ်တစ်ခါကျင်းပလေ့ရှိသည်ဟုလည်း ကိုယ်တိုင်သွားရောက်ဆင်နွှဲနေသည့် စစ်တွေမြို့ ဟိန္ဒူဘုန်းကြီးကျောင်းမှ ဟိန္ဒူဘာသာရေးခေါင်းဆောင် ဦးအောင်ရွှေက ပြောသည်။
"ဒီရိုးရာပွဲတော်က သူ့အချိန်ကာလနဲ့ ပွဲတော်လုပ်ရတာဖြစ်ပါတယ်။ ဒီပွဲကိုဘာလို့လုပ်ရလဲဆိုတော့ အားလုံးသောဟိန္ဒူလူမျိုးတွေက ပွဲကိုလုပ်ပေးရတယ်။ လုပ်ပေးရင် ကျန်းမာရေး၊ စီးပွားရေး၊ အားလုံးအစစအရာရာအဆင်ပြေပါတယ်" ဟု ပြောသည်။
ထိုပွဲတော်ရက်များတွင် ဟိန္ဒူလူမျိုးများသည် ဟိန္ဒူဘုရားရှိခိုးကျောင်းတော်များတွင် စုရုံးလျက် ကောင်းမှုသီလယူခြင်း၊ သက်သတ်လွတ်အစား အစာများဖြင့် ကျွေးမွေးခြင်း၊ ဆီမီးပူဇော်ခြင်း၊ အသီးအနှံများပူဇော်ခြင်းများပြုလုပ်ကြပြီး လူကြီးသူမများအပြင် ကလေးသူငယ်များပါ ပါဝင်ဆင်နွှဲကြသော ပွဲတော်တစ်ခုဖြစ်သည်ဟုလည်း သိရသည်။
ဦးအောင်ရွှေက "လူကြီး၊ လူငယ်အားလုံးက သက်သတ်လွတ်စားပြီးတော့ ပါဝင်ဆင်နွှဲကြတယ်" ဟု ဆက်ပြောသည်။
ထိုရိုးရာပွဲတော်ကို မြန်မာတစ်နိုင်ငံလုံးရှိကျောင်းတိုက်များတွင်ပြုလုပ်ပြီး မောင်တောမြို့မှာသာလျှင် ၉ ရက်တိုင်တိုင်ကျင်းပခြင်းဖြစ်ကာ စစ်တွေမြို့နှင့် အခြားမြို့များတွင် ဇူလိုင်လ ၁ ရက်ကတည်းက ကျင်းပခဲ့ပြီဖြစ်သည်ဟုလည်း သိရသည်။ (NN-12)
Photo – Kochitfar
(Narinjara သတင်းနှင့် ရုပ်သံများကို အောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။)
အင်္ဂလိပ်သတင်း - www.narinjara.com
မြန်မာသတင်း - https://burmese.narinjara.com/
သတင်းဖေ့စ်ဘုတ်ပေ့ချ် - https://www.facebook.com/narinjara.info/
ရေဒီယိုသတင်း - https://www.facebook.com/Narinjara-Radio-107181441819656

ဆက်စပ် သတင်းများ