စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

သံတွဲရေကြီးမှု လူအထိအခိုက်မရှိသော်လည်း ပျက်စီးဆုံးရှုံးမှုများပြား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ ဇူလိုင် ၂၀၂၁
  • | ကြည့်ရှုသူ: 6.2k

ချစ်အိလှိုင်
နိရဥ္စရာ၊ ဇူလိုင် ၂၈/ ၂ဝ၂၁
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ဇူလိုင် ၂၇ ရက်နေ့က ရေကြီးမှုမှာ လူထိခိုက်မှု တစ်စုံတစ်ရာမရှိသော်လည်း ပျက်စီးဆုံးရှုံးမှု များပြားကြောင်း သတင်းရရှိသည်။
သံတွဲမြို့ခံ လူမှုရေးလုပ်ငန်းလုပ်ကိုင်နေသူ ကိုထွန်းသန့်ကျော်က “ ပျက်စီးဆုံးရှုံးမှုဆိုရင် မိတ္တူဆိုင် တစ်ဆိုင်ဆိုရင် စက်တွေပြောင်းဖို့ အချိန် မမီတော့ ကွန်ပျူတာတွေ၊ စက်တွေ အကုန်နစ်သွားတယ်။ အရင်းပါ ပြုတ်သွားပြီ။ အီလက်ထရောနစ်ဆိုင်တွေဆိုရင် ဖုန်းတွေမြုပ်တဲ့ အထဲပါသွားတယ်။ ကုန်စုံဆိုင်၊ စျေးဆိုင်တွေ အနည်းနဲ့အများဆိုသလို ပျက်စီးကြတယ်။ အိမ်တွေလည်း အိမ်တိုင်း၊ အိမ်တိုင်း ပျက်စီးကြတာပါတယ်။ ပျက်စီးဆုံးရှုံးမှုက များတယ်” ဟု ပြောသည်။
သာယာဝတီရပ်ကွက် (ခ) ၈ ရပ်ကွက်တွင် အိမ်ခြေတစ်ထောင်ကျော်ရှိရာတွင် အားလုံး ရေနစ်မြုပ်ကြောင်း၊ တစ်မြို့လုံး အိမ်ခြေအားလုံးပေါင်းလျှင် သုံးလေးထောင်နစ်မြုပ်ခဲ့ကြောင်း၊ ၎င်း အဲဒီထဲတွင် အိမ်ခြေ သုံးရာလောက်မှာ အပျက်အစီးများကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
လက်ရှိ ရေဘေးဒဏ်ခံရသူများအတွက် အရေးပေါ် စားနပ်ရိက္ခာနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အဆောတလျင် လုပ်ဆောင်ပေးရန် လိုအပ်လျက်ရှိနေကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။
ဇူလိုင် ၂၇ ရက်နေ့ သံတွဲ မိုးကြီးမှုမှာ လွန်ခဲ့သည့် ၁၄ နှစ်ခန့် မိုးရေချိန်ကို စံချိန်ကို ချိုးခဲ့ကြောင်း၊ ၎င်းနေ့ တစ်နေ့တည်း ရွာသွန်းသည့် မိုးရေချိန် လက်မမှာ ၁၅ ဒဿမ ၂၈ ရှိကြောင်း သိရသည်။
သံတွဲမြို့ လူမှုရေးလုပ်ကိုင်နေသူများကလည်း အိမ်ခြေ ရာနဲ့ချီ၍ ပျက်စီး သွားသဖြင့် ပြန်လည် ထူထောင်ရန် လိုအပ်ကြောင်း၊ ရေဘေးဒုက္ခသည် တချို့မှာ လက်ရှိ အချိန်ထိ သိမ်ကုန်းဘုန်းတော်ကြီး ကျောင်းဝန်းအတွင်းတွင် ခိုလှုံနေကြရကြောင်း၊ တချို့ မိသားစုများမှာနီးစပ်ရာ ဆွေမျိုးများနေအိမ်တွင် နေထိုင်နေကြကြောင်း နိရဥ္စရာသတင်းဌာနကို ပြောဆိုသည်။
သိမ်ကုန်းဆရာတော် ဦးတေဇိန္ဒက “ ဘုန်းကြီးတို့မြို့ကတော့ အကုန်လုံး ရွံ့မြေတွေလူးနေတဲ့မြို့ ဖြစ်သွားတာပေါ့။ အိမ်ပျက်၊ အိုးပျက်ပြီးတော့ ထမင်းဘယ်နေရာမှာ ချက်စားရမယ်မှန်း မသိဘူး ဖြစ်နေတယ်။ ဒီလူတွေကိုတော့ ဘုန်းကြီးတို့က လေးငါးရက်တာဝန်ယူပြီးတော့ ကျွေးထားရမယ့် သဘောရှိတာပေါ့ဗျာ။ အဝတ်အစားတွေပျက်စီးမယ်။ အိမ်တွေယိုင်သွားတာကို ပြုပြင်ပေးဖို့ လိုတယ်။ ရေတွေမသန့်တော့ ဝမ်းပျက်ဝမ်းလျော့ဖြစ်မှာလည်း ကြောက်ရတယ်။ အဓိကကတော့ စားရေးသောက်ရေးသောက်ရေးက ပိုအရေးကြီးမယ်လို့ထင်တယ်။ ကျန်းမာရေး စောင့်ရှောက်မှုတွေလည်း လိုအပ်မယ်လို့ထင်တယ်” ဟုမိန့်သည်။
ခိုလှုံလာကြသည့် ရေဘေးဒုက္ခသည် မိသားစု (၅ဝ) ခန့်ကို သိမ်ကုန်း ဆရာတော်ကြီး ဦးဆောင်သည့် ပရဟိတအဖွဲ့သားများက စားသောက် နေထိုင်ရေး စီစဉ်ပေးထားရသော်လည်း အခက်အခဲ ရှိနေသေးကြောင်း သိရသည်။
အစိုးရဌာနဆိုင်ရာများကလည်း ကိုဗစ်လူနာများအား ပြောင်းရွှေ့သည့် လုပ်ငန်းများတွင် အင်အားသုံး လုပ်ဆောင်ပေးနေရသည့်အတွက် ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများတွင် အင်အားသုံး မကူညီနိုင်သည်ကို တွေ့မြင်ရကြောင်း ဆရာတော်က ဆက်မိန့်သည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ သံတွဲမြို့နယ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးလှဟန်အား မေးမြန်းရာ ၄င်းက“ မနက်ပိုင်းကလည်း ဒုက္ခသည် ၈ဝ လောက်ရှိတယ်ပေါ့နော်။ နေအိမ်အသီးသီးကိုလည်း ပြန်နေကြပြီ။ ကျွန်တော်တို့ သာသနာ့ဗိမ္မာမာန်မှာက နေရာအစုံက ဒုက္ခသည်ပေါ့နော်။ သိမ်ကုန်းဘုန်းကြီးဆီမှာတော့ အမှတ် ၄ ရပ်ကွက်၊ ညောင်ပင်စျေးရပ်ကွက် ဒုက္ခသည် နည်းနည်းရှိနိုင်တယ်။ ပျက်စီးမှုကြီးကြီးမားမားတော့မရှိဘူး။ ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းလေးတွေမှာတော့ အနည်းအကျဉ်း ရှိမှာပေါ့။ အသက်အန္တရာယ်တွေမရှိခဲ့ဘူး။ ကယ်ဆယ်ရေးမှာ နောက်ကျ ခဲ့တာလောက်တော့ရှိခဲ့တယ်။ ရေကိုလည်း မီးသတ်ကားတွေနဲ့ လိုက်ဝေနေတယ်။ လူမှုရေးအဖွဲ့အစည်းတွေကလည်း ရေသန့်ကဒ် ပေးဝေနေတာတွေ ရှိပါတယ်” ဟုပြောသည်။
သံတွဲမြို့တွင် ယမန်နေ့က မိုးရေကြီးမှုမှာ တောင်ကျ ချောင်းရေနှင့် ချောင်းအ၀မှ ဒီရေ တက်လာရာက မထင်မှတ်ထားဘဲ ပို၍ရေမြင့် တက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံလူမှုရေးလုပ်ကိုင်နေသူများနှင့် ဌာနဆိုင်ရာများက သုံးသပ်ပြောဆိုကြသည်။
လက်ရှိတွင် ထမင်းထုပ်၊ ဆေးဝါး၊ ရေသန့်၊ စက်လှေ၊ ဓာတ်ဆီများ လိုအပ်နေပြီး ဘေးဒုက္ခကြုံတွေ့ခဲရသူများကို ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေး အတွက် ကူညီနိုင်ရန် လူမှုရေးလုပ်ကိုင်နေသူများက ကြိုးပမ်းလျက်ရှိနေကြောင်း သိရသည်။
သံတွဲမြို့ ရေဘေးအတွက် အရေးပေါ်သုံးစွဲရန်. ကိုဝေဟင်အောင် ဦးဆောင်သည့် ပရဟိတအဖွဲ့မှ သိမ်ကုန်းဆရာတော် ဦးတေဇိန္ဒထံသို့ ကျပ်သိန်း ၂၀နှင့် ကိုဖြိုးမောင်ထံသို့ ကျပ် ၁ဝသိန်း လွဲပြောင်း လှူဒါန်း ပေးခဲ့သည်ဟု သိရသည်။

ဆက်စပ် သတင်းများ