အင်္ဂါ၊ ဧပြီလ ၁၆ရက်၊ ၂၀၂၄

မြောက်ဦးမြို့နယ် ပီပင်ရင်းစစ်ဘေးရှောင်စခန်းထဲသို့ ချောင်းရေများ ဒလဟောဝင်လာ၍ စစ်ဘေးရှောင်များကို နေရာရွှေ့ပြောင်းရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ ဇူလိုင် ၂၀၂၁
  • | ကြည့်ရှုသူ: 924

ထက်အောင်
နိရဉ္စရာ၊ ဇူလိုင် ၂၈/ ၂၀၂၁
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် ပီပင်ရင်းစစ်ဘေးရှောင်စခန်းတွင် ယနေ့ ဇူလိုင်လ ၂၈ ရက်နေ့ ညနေပိုင်း ၅ နာရီကျော်လောက်ကစပြီး မိုးရွာသွန်းမှုများခြင်းကြောင့်စခန်းတွင်းသို့ ချောင်းရေများ ဒလဟော ဝင်ရောက်လာခြင်းကြောင့် အန္တရာယ်ဖြစ်မည်ကိုစိုးရိမ်ပြီး စစ်ဘေးရှောင်များကို နေရာ ရွေ့ပြောင်း ထားရကြောင်း စခန်းတာဝန်ခံက ပြောသည်။
ပီပင်ရင်း စစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးသိန်းကျော်မြက “ ဦးလေးတို့ စစ်ဘေးရှောင်စခန်းက ပီပင်ရင်းရွာဘုန်းကြီးကျောင်းဝင်းထဲမှာရှိတော့ ရေမြုပ်သွားတဲ့ အိမ်က စစ်ဘေးရှောင်တွေကို ဘုန်းကြီးကျောင်းပေါ် တင်နေရတယ်။ ရေက လုံးဝမကျဘူး။ ၆ နာရီလောက်မှာ အခန်းတွေမြုပ်တဲ့ အထိ ရေကြီး လာတယ်။ ဒါကြောင့် စစ်ဘေးရှောင်တွေကို နေရာရွှေ့ပြောင်း ထားရတယ်” ဟု ပြောသည်။
၎င်းစစ်ဘေးရှောင်စခန်းသည် ရမ်းချောင်းကမ်းဘေးရှိ ပီပင်ရင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း တည်ဆောက်ထားခြင်းဖြစ်ပြီး မိုးအဆက်မပြတ်ရွာသွန်းခြင်းကြောင့် ချောင်းရေဝင်လာပြီး ယခုကဲ့သို့ ရေကြီးလာခြင်းဖြစ်သည်ဟု သိရသည်။
“ အခုက ရေဆက်တက်လာမယ်ဆိုရင် ကျန်နေသေးတဲ့ စစ်ဘေးရှောင်တွေကို နေရာ ရွေ့ပြောင်းဖို့ အခက်အခဲရှိလာနိုင်တယ်။ မီဒီယာတွေကိုလည်း အကူအညီ တောင်းပါတယ်။ အခုလိုအခက်အခဲဖြစ်နေတဲ့အတွက် ပြောင်းရွှေ့နေရာချထားရေး၊ စားရေးသောက်ရေးကအစ အကူအညီတွေလည်း လိုအပ်နေပါတယ်” ဟု စစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးသိန်းကျော်မြက ဆက်လက် ပြောကြားသည်။
ပီပင်ရင်းစစ်ဘေးရှောင်စခန်းတွင် စစ်ဘေးရှောင်အိမ်ထောင်စု (၅၆၇) စု၊ လူဦးရေ (၂၆၇၄) ဦးရှိပြီး (၅) နှစ်အောက်ကလေး (၃၅၀) ခန့်နဲ့ သက်ကြီးရွယ်အို (၆၀) ခန့် ရှိကြောင်းသိရကာ ထိုစစ်ရှောင်စခန်းသည် မြောက်ဦးမြို့နှင့် ၅ မိုင်ခန့် ကွာဝေးကြောင်း သိရသည်။

ဆက်စပ် သတင်းများ