ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

လူဦးရေ ၃ ထောင်ကျော်ရှိ မြောက်ဦး တိမ်ညိုစစ်ဘေးရှောင်စခန်း ရေစတင်နစ်မြုပ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ ဇူလိုင် ၂၀၂၁
  • | ကြည့်ရှုသူ: 6.4k


ဆောင်းဇာခြည်
နိရဥ္စရာ၊ ဇူလိုင် ၂၉/ ၂၀၂၁
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်ရှိ လူဦးရေ ၃ ထောင်ကျော်ရှိသော တိမ်ညိုစစ်ဘေးရှောင်စခန်းတွင် ရေစတင်နစ်မြုပ်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။
မိုးရွာသွန်းမှုကြောင့် မိုးရေနှင့် တိမ်ညိုကျေးရွာအနီး ရမ်းချောင်းမှ ချောင်းရေတို့သည် ယနေ့ ဇူလိုင်လ ၂၉ ရက်နေ့၊ နံနက်ပိုင်းမှစတင် စခန်းတွင်းသို့ဝင်ရောက်လာနေပြီး စစ်ဘေးရှောင်များသည်လည်း ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် အရေးတကြီး လိုအပ်နေကြောင်း စခန်းတာဝန်ခံ ဦးစိုးနိုင်က ပြောသည်။
“မနေ့က ညနေပိုင်းကတော့ နည်းနည်းဝင်ပါတယ်။ ဒါပေမဲ့ အခုက အများကြီးဝင်လာနေပြီ။ ဒီထက်မိုးရွာရင် ပိုပြီး စိုးရိမ်ရတဲ့ အခြေနေမှာရှိပါတယ်။ အကုန်လုံးနစ်သွားမဲ့အခြေနေမှာရှိပါတယ်။ စစ်ဘေးရှောင်တွေနေတဲ့ အခန်းတွေ ရေနစ်နေပြီ။ စစ်ဘေးရှောင်တွေကို ရွှေ့ပြောင်းပေးဖို့ လိုနေပါတယ်။ ဘယ်နေရာကို ရွှေ့ပေးရမလဲဆိုတာကို မသိရသေးပါဘူး။ မြေမြင့်ပိုင်းက နေအိမ်ဆောင်တချို့တော့ ရေမဝင်ဘဲ ကျန်နေပါသေးတယ်။” ဟု ပြောသည်။
လက်ရှိတွင် ရေနစ်နေပြီးဖြစ်သော စစ်ဘေးရှောင်နေအိမ်ဆောင်များမှ စစ်ဘေးရှောင်များမှာ စခန်းတွင်း ရေမနစ်ဘဲ ကျန်ရှိနေသေးသည့် နေအိမ်ဆောင် ၅၀ ခန့်တို့တွင် ဝင်ရောက်ခိုလှုံလျက်ရှိကြကြောင်း သိရသည်။
တိမ်ညိုစစ်ဘေးရှောင်စခန်းမှ ဒေါ်သန်းယိုင်စိန်က “ရေက ခါးလောက်၊ ရင်လောက်ရှိတယ်။ အခန်းတွေအကုန်လုံးရေနစ်တော့မယ်။ ကျွန်မတို့ တော်တော်ဒုက္ခရောက်နေပါပြီ။ ရေက ဖြည်းဖြည်းချင်း ပြည့်လာနေပါတယ်။ ပြောင်းချင်ပေမဲ့ ရောဂါကြောင့် ဘယ်ကိုမှလည်း မထွက်ရတော့ ဘယ်လိုလုပ်ရမလဲ မသိတော့ဘူး။” ဟု ပြောသည်။
တိမ်ညိုစစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု ၈၇၅ စု နှင့် လူဦးရေ ၃၃၅၅ ရှိကြောင်း သိရသည်။
ယင်းစခန်းမှာ တိမ်ညိုကျေးရွားအနီးရှိသည့် ရမ်းချောင်းဘေး၌ တည်ဆောက်ထားခြင်းဖြစ်သည့်အတွက် မိုးရာသီရောက်လျှင် ယခုကဲ့သို့ ရေပြည့်ရေလျှံခြင်း နှစ်စဉ်ဖြစ်ပေါ်ကြောင်း စစ်ဘေးရှောင်များက ပြောသည်။
မြောက်ဦးမြို့နယ်အတွင်း ရမ်းချောင်းကမ်းနံဘေးတွင်တည်ဆောက်ထားသော လူဦးရေ ၂ ထောင်ကျော်ရှိသည့် ပီပင်ရင်းစစ်ဘေးရှောင်စခန်းတွင်လည်း ယမန်နေ့ညနေပိုင်းမှစတင်ကာ ချောင်းရေများ ဒလဟော ဝင်ရောက်လာခြင်းကြောင့် စစ်ဘေးရှောင်များကို နေရာရွှေ့ပြောင်းထားရကြောင်း စခန်းတာဝန်ခံ ဦးသိန်းကျော်မြင့်က နိရဥ္စရာကို ပြောဆိုထားသည်။

ဆက်စပ် သတင်းများ