ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

မုတ်သုန်လေအလွန်အားကောင်းနေ၍ ရခိုင်တွင် ဆက်လက်မိုးကြီးနိုင်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ ဇူလိုင် ၂၀၂၁
  • | ကြည့်ရှုသူ: 5.3k

အေးမြတ်ခိုင်
နိရဥ္ဇရာ၊ ဇူလိုင် ၂၉/၂၁
ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုန်လေ အားကောင်းနေရာမှ အားအလွန်ကောင်းလာနေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားရေးမှုဦးစီးဌာနက ယနေ့ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ဇူလိုင်လ ၂၉ ရက် ယနေ့ နံနက် (၁၀:၃၀) နာရီအချိန် ထုတ်ပြန်ချက်တွင် ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်မှာ ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက် မိုးကြီးနိုင်သည်ဟု ဖော်ပြထားပါသည်။
ရေပြင်လေတိုက်နှုန်းမှာ တစ်နာရီတွင် ပင်လယ်မိုင် (၁၅-၂၀)မိုင်၊ တစ်ခါတစ်ရံ (၃၅)မိုင်မှ မိုင်(၄၀) ထိရှိနိုင်ပြီး လှိုင်းကြီးနိုင်ကာ လှိုင်းအမြင့်ပေ (၈)ပေ မှ (၁၁)ပေခန့် ရှိနိုင်ကြောင်း ဖော်ပြထားသည်။
ယနေ့ မွန်းလွဲ (၂:၀၀)နာရီအချိန် ထုတ်ပြန်ချက်တွင်လည်း လွန်ခဲ့သော(၂၄)နာရီအတွင်းက ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် ချင်းပြည်နယ်တွင် နေရာကွက်၍ မိုးကြီးခဲ့ကြောင်း၊ မနက်ဖြန်နံနက်အထိ ခန့်မှန်းချက်မှာ ရခိုင်ပြည်နယ်တွင် ဒေသအလိုက်နှင့် ချင်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း၊ ရွာရန်ရာနှုန်းပြည့် ဖြစ်ကြောင်း ဖော်ပြထားသည်။
လက်ရှိရခိုင်ပြည်နယ်တွင် နေရာအနှံ့အပြားမိုးသည်းထန်စွာရွာသွန်းပြီး
မြစ်ရေတိုးမှုကြောင့် မောင်တော၊ အမ်း၊ သံတွဲ၊ ဘူးသီးတောင်၊ တောင်ကုတ်၊
မြောက်ဦး၊ မင်းပြား၊ ကျောက်တော်စသည့်မြို့နယ်များက ကျေးရွာတချို့တွင် ရေလွှမ်းမှုများရှိနေကြောင်း သိရှိရသည်။

ဆက်စပ် သတင်းများ