ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

မောင်တောတွင် တောင်ပြိုရာမှ မြေစာပုံပိ၍ သစ်ခုတ်သွားသူတစ်ဦး သေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ ဇူလိုင် ၂၀၂၁
  • | ကြည့်ရှုသူ: 240

ချစ်အိလှိုင်
နိရဥ္စရာ၊ ဇူလိုင် ၂၉/ ၂ဝ၂၁
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကွမ်းသီးပင်ကျေးရွာအုပ်စု၊ လက်ဖွဲ့ကျမူဆလင်ရွာအနီး၌ ယနေ့ မွန်းလွဲ ၁၂ နာရီခန့်က တောင်ပြိုကျရာတွင် သစ်ခုတ်သွားသူ အမျိုးသားတစ်ဦး မြေစာပုံပိ၍ သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
သေဆုံးသူအမျိုးသားမှာ မောင်တောမြို့နယ် အောင်သာယာကျေးရွာဇာတိဖြစ်သူ ဦးထွန်းကျော်(၄ဝ)နှစ်ဖြစ်ကာ နံ့သာတောင်ကျေးရွာတွင် ငါးဖမ်းပိုက်ချရန် ယာယီလာရောက်နေထိုင်နေသူဖြစ်ကြောင်း နံ့သာတောင်ဆရာတော်ဦးစရဏက မိန့်သည်။
“ ဒီနေ့မနက်က သူနဲ့အတူ အားလုံး လူသုံးယောက်ပေါ့သွားကြတာ။ အိမ်ဆောက်ဖို့သစ်ခုတ်ဖို့ အဲဒီဖက်သွားကြတာပါ။ နှစ်ယောက်ကတော့ မြေပြိုတဲ့အချိန်ပြေးလွတ်လိုက်တယ်။ တစ်ယောက်က မြေထဲပိပါသွားတာ။” ဟု မိန့်သည်။
အလောင်းအား မောင်တောနာရေးကူညီမှု ဂရုဏာကွန်ရက်အသင်းကားဖြင့် အောင်သာယာကျေးရွာသို့ယူဆောင်သွားကြောင်း ဆက်မိန့်သည်။
နံ့သာတောင်ကျေးရွာအပါအဝင် မောင်တောမြို့နယ်မြောက်ပိုင်းကျေးရွာအချို့တွင် ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်မြေပြိုကျမှုများနှင့်အတူ နေအိမ်များ ရေနစ်မြုပ်မှုဖြစ်ပွားလျက်ရှိသည်ဟု ဒေသခံများက ပြောသည်။

ဆက်စပ် သတင်းများ