သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

မိုးအဆက်မပြတ်ရွာသွန်း၍ တစ်ပတ်အတွင်းဒုတိယအကြိမ်တောင်ကုတ်မြို့အနိမ့်ပိုင်းနေရာများသို့ ရေစတင်ဝင်ရောက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ သြဂုတ် ၂၀၂၁
  • | ကြည့်ရှုသူ: 8.3k

ထက်အောင်

နိရဉ္စရာ၊ ဩဂုတ် ၂/ ၂၀၂၁

မိုးရွာသွန်းမှုများခြင်းကြောင့် တောင်ကုတ်မြို့နယ်တွင်  ရေကြီးရေလျှံမှုများဖြစ်ပေါ်နေပြီး မြို့၏ မြေနိမ့်ပိုင်း ရပ်ကွက်များအတွင်းသို့ ယနေ့ ဩဂုတ်လ ၂ ရက် နံနက်ပိုင်း ၁၀ နာရီလောက်က ဒုတိယအကြိမ် ရေများစတင်ဝင်ရောက်လာကြောင်း တင်းရရှိသည်။

လက်ရှိ တောင်ကုတ်မြို့ပေါ်ရပ်ကွက်များသို့ ရေစတင်ဝင်ရောက်လာခြင်းကြောင့် မြေနိမ့်ပိုင်းတွင် တည်ရှိသည့် နေအိမ်များနှင့် လမ်းကြို လမ်းကြားများရေစတင်နစ်မြုပ်နေပြီဖြစ်ကြောင်း တောင်ကုတ်မြို့၊ ဂူတာရပ်ကွက်နေ ကိုရဲမာန်က နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

တောင်ကုတ်မြို့ပေါ်မှာကတော့ အနိမ့်ပိုင်းကျတဲ့နေရာတွေက အကုန်လုံးမြုပ်နေပါတယ်။ ကျနော်တို့အိမ်ဆိုရင်လည်း အောက်ထပ်ကို ရေတွေစဝင်နေပြီ။ ကျနော်တို့ ဖက်ကတော့ မိုးအရမ်းရွာတဲ့အခါ မြောင်းတွေကလည်းပိတ်နေတော့ ရေထွက်ပေါက်မရှိလို့ မိုးရေဝင်ပြီး ပြည့်လာတာပေါ့ ဟု ပြောသည်။

တောင်ကုတ်မြို့တွင် ရပ်ကွက် (၄) ခုရှိပြီး ကံပိုင်၊ ဂူတာ၊ သိမ်တောင်နှင့် ချောင်းကောက် စသည့် ရပ်ကွက်များဖြစ်ကြကာ တောင်ကုတ်ချောင်းအနီးတွင်ရှိသည့်သိမ်တောင်နှင့် ချောင်းကောက် ရပ်ကွက်များတွင် မိုးရွာသွန်းမှုများခြင်းနှင့်အတူ ချောင်းရေများပါဝင်ရောက်ကြောင်း သိရသည်။

ချောင်းကောက်ရပ်ကွက်ဆိုရင်လည်း ချောင်းနဲ့နီးတယ်။ သိမ်တောင်လည်း အဲလိုပါပဲ။ လောလောဆယ်မှာတော့ မိုးကလည်း ရွာနေတုန်းပဲရှိသေးတယ်။ မိုးက ဆက်ပြီးရွာနေအုံးမယ်ဆိုရင် ရေကပိုတက်လာနိုင်တယ်။ ကျနော်တို့ဖက်က တော့ နှစ်စဉ်နှစ်တိုင်းဆိုသလို ဒီလိုဖြစ်နေတာ။ အနိမ့်ပိုင်းနေရာတွေဆိုရင်တော့ နည်းနည်းစိုးရိမ်ရပါတယ် ဟု ကိုရဲမာန်က ဆိုသည်။

တောင်ကုတ် ရှင်သန်ရေးကူညီမှုအသင်းမှ ကိုညိုမင်းအောင်ကလည်း မြို့ပေါ်ရပ်ကွက်တွေမှာ မိုးရွာသွန်းမှုများတဲ့အတွက် နေအိမ်တွေအတွင်းသို့ ရေဝင်ရောက်လာပြီး လက်ရှိအချိန်မှာ စိုးရိမ်စရာမရှိသေးကြောင်း ပြောသည်။

ရခိုင်ပြည်နယ်အတွင်း မိုးရွာသွန်းမှုများခြင်းကြောင့် ပြီးခဲ့သည့် ဇူလိုင် ၂၇ ရက်နေ့ ရက်ပိုင်းကလည်း သံတွဲနှင့် တောင်ကုတ်မြို့နယ် အပါအဝင် တစ်ခြား မြို့နယ်တချို့မှာ ရေကြီးရေလျှံမှုနှင့်ရင်ဆိုင်ခဲ့ရပြီး ပြည်နယ်တွင်းက စစ်ဘေးရှောင်စခန်းများတွင်လည်း ရေကြီးမှုများနှင့် ရင်ဆိုင်နေရကြောင်း သတင်းရရှိသည်။

ဆက်စပ် သတင်းများ