ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

သံတွဲမြို့နယ် ရွှေလှေချောင်းအတွင်း ဒေသခံတစ်ဦး ရေစီးနှင့်မျောပါပျောက်ဆုံးနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ သြဂုတ် ၂၀၂၁
  • | ကြည့်ရှုသူ: 2.6k

သဥ္ဇာနွယ်

စစ်တွေ၊ သြဂုတ် ၃ / ၂ဝ၂၁

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်ရှိ ရွှေလှေချောင်းအတွင်း ဒေသခံတစ်ဦး ရေစီးနှင့်အတူမျောပါပျောက်ဆုံးနေကြောင်း သိရသည်။

ရေစီးနှင့်အတူ မျောပါပျောက်ဆုံးနေသူမှာ သံတွဲမြို့နယ် ပေါက်တောကျေးရွာမှ ကိုစိုင်းဇံထွန်း (၂၈ နှစ်)ဖြစ်သည်။

သူသည် ရွာခံတစ်ဦးဖြစ်သူ ဦးညီညီဇော်နှင့်အတူ သြဂုတ်လ ၁ ရက်နေ့၊ ညနေပိုင်းက ရွာအနီးရှိ ရွှေလှေချောင်းအတွင်း သစ်တုံးများဆယ်ယူကြစဉ် ရေစီးသန်နေခဲ့သည့်အတွက် ရေစီးနှင့်အတူ မျောပါသွားခြင်းဖြစ်သည်ဟု ဦးညီညီဇော်က နိရဥ္စရာသို့ပြောသည်။

"အဲ့ချောင်းက မိုးများတော့ ရေစီးတအားသန်တယ်။ အဲ့ချိန်မှာ သူကမျောပါသွားတယ်။ သစ်တုံးကိုဖက်ပြီး။ ကျနော်သူ့ကို မကယ်နိုင်လိုက်ဘူး။ စိတ်မကောင်းပါဘူးဗျာ။ အခုချိန်ထိအလောင်းကို ရှာမတွေ့သေးဘူး။ သူ့မိသားစုတွေစိတ်အရမ်းဆင်းရဲနေကြတယ်"ဟု ၎င်းက ပြောသည်။

ရွှေလှေချောင်းချောင်းသည် သံတွဲမြို့နယ်တွင် အကျယ်ဆုံးချောင်းဖြစ်ပြီး ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ်ရွာသွန်းနေသည့်အတွက် ချောင်းရေမြင့်တက်လာခြင်းဖြစ်သည်။

လက်ရှိတွင် ရေစီးနှင့်အတူမျောပါပျောက်ဆုံးနေသူအား ရွာသားများက လိုက်လံရှာဖွေနေကြဆဲဖြစ်သည်။

ဓာတ်ပုံ - ကိုစိုင်းဇံထွန်း မျောပါသွားသည့် ရေစီးပြင်းနေသော ရွှေလှေချောင်းအားတွေ့ရစဉ်။

ဆက်စပ် သတင်းများ